မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်

အမရပူရ မေ ၁၂

မန္တလေးတိုင်းဒေသကြီး၊ အမရပူမြို့နယ်၊ နတ်ရေကန်အုပ်စု၊ ညောင်ပင်စောက်ကျေးရွာအနီးရှိ တောင်အင်းမြောက်အင်းအမှိုက်ပုံမီးလောင်ရာမှမီး ကူးစက်လောင်ကျွမ်းခဲ့သည့် မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က အမရပူရမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးသင့်အိမ် ၁၃ လုံးအတွက် အဆောက်အဦတစ်လုံး တစ်သိန်းနှုန်းဖြင့် ၁၃ သိန်း၊ မီးဘေးသင်ပြည်သူ ၅၁ ဦးအတွက် စားနပ်ရိက္ခာဘိုးတစ်ဦး ၂၁၀၀ နှုန်းဖြင့် ၁၀၇၁၀၀/-ကျပ် စုစုပေါင်း ၁၄၀၇၁၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးကို အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့် မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်တို့က မီးဘေးသင့်အိမ်ထောင်စုများသို့ လက်ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။ အလားတူ အမရပူရခရိုင် ကြက်ခြေနီ တပ်ဖွဲ့တာဝန်ခံ ဦးညွန့်ဝင်းနှင့် တာဝန်ရှိသူများက မီးဘေးသင့်အိမ်ထောင်စု ၁၃ စုအတွက် မီးဖိုဆောင်သုံးပစ္စည်း (၁) စုံမိုးကာ (၁) ချပ်၊ သောက်ရေပုံး (၁) ပုံး စောင် (၁) ထည်နှင့် ဆေးစိမ်ခြင်တောင် (၁) လုံးတို့ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)