မက်မန်း မေ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်ရှိ ဌာနဆိုင်ရာများအနေဖြင့် နေ့ထူးနေ့မြတ်အထိမ်းအမှတ် အခမ်းအနားပွဲများတွင် အခမ်းအနားမှူးကောင်းတစ်ယောက်အဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်နှင့် အရည်အချင်းပြည့်ဝသည့် အခမ်းအနားမှူးကောင်းတစ်ယောက်ဖြစ်လာစေရန် ရည်ရွယ်၍ အထောက်အကူပြုသင်တန်းဖြစ်သည့် အခမ်းအနားမှူးသင်တန်းကို မက်မန်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၈)နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ အမျိုးသမီးဝန်ထမ်းများအား အရည်အချင်းပြည့်ဝသော အခမ်းအနားမှူးဖြစ်လာစေရန် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုက သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာအလိုက် အခမ်းအနားမှူးများကို မဖြစ်မနေဆောင်ရွက်ရသည့်အတွက် အခမ်းအနားမှူးသင်တန်းတွင် စိတ်ပါဝင်စားစွာ တက်ရောက်စေလိုကြောင်း၊ အခမ်အနားမှူးနှင့်အတူ ဗန်းကိုင်များ၏ အခန်းသည် အရေးကြီးပါသဖြင့် ဗန်းကိုင်များ၏ ဆောင်ရွက်ချက်များကို ပူးတွဲသင်ကြားစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက သင်တန်းစည်းကမ်းချက်များအားပြောကြားပြီးနောက် အခမ်းအနားမှူးသင်တန်းအား ဆက်လက်သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မေလ(၁၂)ရက်နေ့မှ (၁၄)ရက်နေ့ထိ(၃)ကြာ သင်ကြားပေးသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ လူငယ်များ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)