မြစ်ကြီးနား မေ ၁၂
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများအတွက် လိုအပ်ချက် ဖြစ်ပေါ်နေသည့် မြေနေရာများချထားပေးနိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့နယ် မော်ဖောင်း ကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်/မြေရိုင်း (၄၈၀)ဧကပေါ်တွင် အား/ကာသိပ္ပံမြေနေရာအပါအဝင် ကွန်ပျူတာတက္ကသိုလ်မြေနေရာနှင့် ဌာနဆိုင်ရာအသင်းအဖွဲ့အတွက် သတ်မှတ်လျာထားသည့် မြေနေရာများအား ယမန်နေ့ နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မော်ဖောင်းကျေးရွာ အုပ်စုအတွင်းရှိ အဆိုပါ လျာထားမြေနေရာ၌ (၂၄)ပေ အကျယ်မြေသားလမ်း ဖောက်လုပ်ထားရှိမှု၊ အား/ကာသိပ္ပံမြေနေရာ (၅၆)ဧက၊ ကွန်ပျူတာတက္ကသိုလ်မြေနေရာ ဧက (၃၀) သတ်မှတ်လျာထား ပေးမှု၊ ခရိုင်/ မြို့နယ်အဆင့် ရုံးအဆောက်အဦမြေနေရာများ၊ လူငယ်သင်တန်းကျောင်း၊ မွေးမြူရေးသုသေသနနှင့် သရုပ်ပြခြံ ဧက (၅၀)၊ ကုန်တင်ကုန်ချစခန်း စသည့်တို့ကို မြေဧရိယာများ သတ်မှတ်၍ ဆိုင်းဘုတ်များ စိုက်ထူထားရှိမှုအခြေအနေများနှင့် အဆိုပါ မြေဧရိယာအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ကျောက်ချောလမ်း (၁ ဒဿမ ၄ ကီလိုမီတာ) နှင့် မြေသားတာဘောင်ဖို့ခြင်း၊ Box Culvert (၆)စင်း တည်ဆောက်ပြီးစီးမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါမြေဧရိယာအတွင်းရှိ တောင်သူများ၏ မြေယာများအား အစိုးရ၏ ပံ့ပိုးမှုဖြင့် အမြန်ဆုံးရှင်းလင်းနိုင်ရေး၊ ဌာနဆိုင်ရာများမြေနေရာများ အား အမြန်ဆုံးရှင်းလင်း၍ ဧရိယာသတ်မှတ်ကာ တည်ဆောက်နိုင်သည့် အဆောက်အအုံများ တည်ဆောက်နိုင်ရေး၊ စိုက်ပျိုးထားသည့် အရိပ်ရအပင်များ ဖြည့်စွက်စိုက်ပျိုးနိုင်ရေး မှာကြားခဲ့သည်။
ထို့နောက် မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမတည်မှုဖြင့် “ဖြိုးဝေဝေ” စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမလီမိတက်ပိုင် စက္ကူစက်ရုံ၌ ကချင်ပြည်နယ် ၏ ပထမဆုံးထုတ်ကုန်ဖြစ်သည့် နှစ်ဖက်ချောစက္ကူစက်တပ်ဆင်ပြီး လည်ပတ်ထုတ်လုပ်နေမှု အခြေအနေများကိုလည်းကောင်း၊ ထိုမှတစ်ဆင့် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ ၎င်းတို့ပိုင် စက်ရုံ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ ပြည်နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအတွက် ထောက်ပံ့ပေးမည့် ကျောင်းသုံးဗလာစာအုပ်များ ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက်အတွင်းရှိ ဗလမင်းထင် စံပြစိုက်ကွင်းသို့ သွားရောက်ပြီး စံပြစိုက်ကွင်းအတွင်း ဆီထွက်သီးနှံနေကြာများ၊ ဖူးစားပြောင်းများနှင့် ပိုက်ဆံလျှော်ပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြည်နယ်မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ နေကြာစိုက်ခင်းအတွင်း တစ်ဧကအထွက်နှုန်းရရှိရေးအတွက် စံကွက်သတ်မှတ်၍ ရိတ်သိမ်းဆောင်ရွက်နေမှု အခြေအနေများ နှင့် နှံစားပြောင်းများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။
အဆိုပါ စံပြစိုက်ကွင်းအရှေ့ဘက်ရှိ မြေဧရိယာအတွင်း KEP ကုမ္ပဏီလီမိတက်ပိုင် နှစ်နိုင်ငံ ကုန်သွယ်ရေးမော်တော်ယာဉ်ကြီးများ ရပ်နားထားရှိမှုအခြေအနေများနှင့် စက်သုံးဆီမော်တော် ယာဉ်အသစ်များ ဝယ်ယူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မေ ၁၀ ရက် ညနေပိုင်းကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့်အတူ မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း ကျင်းပပြုလုပ်သည့် ဌာနဆိုင်ရာညွှန်ပေါင်းဘောလုံးအသင်းနှင့် ကချင်ပြည်နယ် Old Star ဘောလုံး အသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)