မက်မန်း မေ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုက အမျိုးသမီးများ၏ဘဝ ဘက်ပေါင်းစုံက ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆွေးနွေးပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နှင်းယုဝေက အမျိုးသမီးများ ဘဝဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများကို ဖွင့်လှစ်ခြင်း၊ အမျိုးသမီးများအတွက် စက်ချုပ်သင်တန်းများဖွင့်လှစ်ခြင်း၊ အိမ်တွင်းမှုသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် ဇာထိုးပန်းထိုးသင်တန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မချို (လက်ထောက်ညွှန်ကြားရေးမှူး) က အမျိုးသမီးများ ဘက်စုံဖွံ့ဖြိုးရေးအတွက် စာဖတ်ဝိုင်းများ ကျင်းပပေးခြင်း၊ အမျိုးသမီးများ အလုပ်အကိုင်ရရှိစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးဌာနများနှင့် ပေါင်းစပ်ပေးခြင်းများ ဆောင်ရွက်ခြင်းနှင့် အမျိုးသမီးငယ်များ ဘဝလုံခြုံရေးများကို ဆွေးနွေးခဲ့သည်။ ထို့အပြင် တက်ရောက်လာကြသော အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ၂၀၂၄ ခုနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွား မည့်လုပ်ငန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေးကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် အမျိုးသမီးအဖွဲ့ဝင် (၃၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)