မိတ္ထီလာခရိုင်တွင် (၂၀၂၄-၂၀၂၅)ခုနှစ် ဆီထွက်သီးနှံအထူးဇုန် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 မိတ္ထီလာ မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနတွင် (၂၀၂၄-၂၀၂၅)ခုနှစ် ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ) အထူးဇုန်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့  နံနက်(၉)နာရီအချိန်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မိတ္ထီလာခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်အထူးဇုန် (၁) တာဝန်ခံ ဦးမျိုးမြင့်က အထူးဇုန်ဖော်ဆောင်ရေးနှင့် သင်တန်းများ ဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းက မိတ္ထီလာခရိုင်၏ နွေသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ဆီထွက်သီးနှံအထူးဇုန် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊  မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်အထူးဇုန်(၁) တာဝန်ခံ ဦးမျိုးမြင့်၊ မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန္ဒာလင်းနှင့် ဌာနဆိုင်ရာအကြီးများက ၎င်းသင်တန်းသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများ၊ တောင်သူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ယင်းနောက် (၂၀၂၄-၂၀၂၅) ခုနှစ် ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ) အထူးဇုန်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာသင်တန်းကို ဆက်လက်ဖွင့်လှစ်ပို့ချခဲ့ရာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်သင်းသင်းထက်က ဆီထွက်သီးနှံတွင် ကျရောက်သော ပိုးမွှားရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းအကြောင်း၊ တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသွင်က နှမ်းမျိုးများ၏ အရည်အချင်းလက္ခဏာများနှင့် နှမ်းသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေး ဆောင်ရွက်ရမည့်အချက်များ၊ တိုင်းမြေအသုံးချတာဝန်ခံ ဒေါ်သက်သက်ထွန်းက ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာ စနစ်တကျသုံးစွဲနည်းနှင့် ဆီထွက်သီးနှံများ၏ အာဟာရဓာတ်ချို့တဲ့မှု လက္ခဏာများ အကြောင်းတို့ကို အသီးသီးဆွေးနွေးပို့ချခဲ့သည်။

အဆိုပါ (၂၀၂၄-၂၀၂၅) ခုနှစ် ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ) အထူးဇုန်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာသင်တန်းကို မိတ္ထီလာခရိုင်ရုံးနှင့် မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်း၊ ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်များမှ စိုက်ပျိုးရေဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                                            

သိန်းမြင့်ကျော်(ပြန်/ဆက်)