မိုးညှင်း မေ ၁၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် သက်ကြီးရွယ်အို အဘိုးအဘွားများအား သွားတု(အံကပ်)များ အခမဲ့တပ်ဆင်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီမှစတင်၍ စိမ်းလဲ့ရတနာခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားမှုဖြင့် ပြည်နယ် အခမဲ့ ဆေးဝါးကုသရေးဖောင်ဒေးရှင်းအဖွဲ့နှင့် ကုသရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင် ဦးဆောင်သည့်အဖွဲ့သည် မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များနှင့် တပ်ဖွဲ့ဝင်များ၊ မေတ္တာလေညှင်း လူမှုကူညီရေးအသင်းအဖွဲ့နှင့်ပူးပေါင်း၍ သက်ကြီးရွယ်အို အဘိုးအဘွားများအား စမ်းသပ်စစ်ဆေးပြီး သွားတုတပ်ဆင်ရန်အတွက် ပုံစံခွက် သွားတု(အံကပ်)များ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ သွေးတိုး၊ ဆီးချိုရောဂါ ရှိ၊ မရှိ တိုင်းတာပေးခြင်းနှင့် လိုအပ်သောသူများအား သွေးတိုးကျဆေး၊ ဆီးချိုကျဆေးနှင့် အားဆေးများပေးဝေခြင်းတို့ကို မေလ (၁၀) ရက်မှ (၁၃) ရက်အထိ လေးရက်ကြာ အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ပေးနေမှုများကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက လိုက်လံကြည့်ရှု အားပေးကြပြီး လိုအပ်သည်များကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း