မြောက်ဥက္ကလာပ မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ အသင်းအမှတ်(၄) ဆိုင်းဘုတ်ဖွင့်ပွဲမင်္ဂလာအခမ်းအနားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက မြောက်ဥက္ကလာပမြို့နယ် သုနန္ဒာ လမ်းရှိ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းရုံးတွင် ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာ၊ ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌ ဦးသန့်ဇင်၊ မြောက်ဥက္ကလာပမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌဦးဟန်ဝင်းလှိုင်တို့က မြောက်ဥက္ကလာပ မြို့နယ် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများ နိုင်ငံတော်အလံအားအလေးပြုကြပြီး အခမ်းနားပထမပိုင်း အစီစဉ်ကိုရပ်နားခဲ့သည်။
ဆက်လက်ပြီး အခမ်းနားဒုတိယပိုင်းအစီစဉ်ဖြစ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းနားကို ကျင်းပရာကြွရောက်တော်မှုလာကြသည့် သံဃာတော်များနှင့် တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြောက်ဥက္ကလာပမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဩဝါဒါစရိယ ဆရာတော်များဖြစ်ကြသည့် မြောက်ဥက္ကလာပမြို့နယ်သဃနာယက ဇလွန်ကျောင်းဆရာတော် မဟာဂန္ထဝါ စကာပဏ္ဍိတ ဘဒ္ဒန္တဉာဏိန္ဒ၊ သာသနာပါလကျောင်းဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကေသရ၊ ဓမီမိဿရကျောင်းဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဓကတို့ထံမှ ဩဝါဒ ခံယူခြင်းများဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြောက်ဥက္ကလာပမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌမှ ဆိုင်းဘုတ်ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး၊ ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌမှ ဆိုင်းဘုတ်ဖွင့်ပွဲပြုလုပ်ခြင်းအတွက် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့သည်။
ယင်းနောက် မြောက်ဥက္ကလာပမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းသို့ ရွှေပေါက်ကံမြို့ သစ်၊ (၁၂)ရပ်ကွက်၊ တရားပွဲဖြစ်မြောက်ရေးကော်မတီမှ ငွေကျပ်၃သိန်း လှူဒါန်းခြင်းအတွက် မြောက်ဥက္ကဋ္ဌလာပမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ၃ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြမြဝင်း