အောင်မြေသာစံမြို့နယ်တွင် မီးသွေးမီးဖိုမှတစ်ဆင့် မီးကူးစက်ရာမှ နေအိမ်(၃၆)လုံး မီးလောင်ဆုံးရှုံး

မန္တလေး  မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၃၁)၊ ၈ လမ်းနှင့် ၉ လမ်းကြား၊ ၇၈ လမ်းတွင် ယမန်နေ့နံနက် ၁၁ နာရီ ၁၆ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးစီးသည့် သန္ဓေတပ်ဖွဲ့ဝင် (၇၀) ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၃၀)ဦးတို့က မီးငြှိမ်းသတ်ယာဉ် (၁၀)စီး၊ ရေသယ်ယာဉ် (၂၅)စီး၊ အုပ်ချုပ်မှုယာဉ် (၃) စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါရပ်ကွက်နေ ဦးထွန်းအောင်သည် နေအိမ်တွင် မီးသွေးမီးဖိုဖြင့် ထမင်းအိုးတည်ရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ် (၃၆) လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောာင်း၊ မီးပေါ့ဆစွာသုံးစွဲသူအား အမှတ်(၄)ရဲစခန်းတွင် အမှုဖွင့်အရေးယူထားခြင်းနှင့် မီးဘေးသင့်အိမ်ထောင်စု (၄၅)စုအား အဆိုပါရပ်ကွက် အရိပ်မထွက်ဘုရားဝင်းအတွင်းရှိ ဒေါ်ဖီဓမ္မာရုံတွင် စောင့်ရှောက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)