ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများအား လှိုက်လှဲစွာကြိုဆို

ဟိုပုံး မေ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂) သင်တန်းတက်ရောက်မည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။

ထိုသို့ကြိုဆိုရာတွင် ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ စစ်သည်များ၊ မိသားစုဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂) သင်တန်း တက်ရောက်မည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူ့စစ်မှုထမ်းနိုင်ငံ့ သားကောင်းများအား လှိုက်လှဲစွာကြိုဆိုခဲ့ကြကြောင်း သိရသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ဘုရင့်နောင်ခန်းမတွင် ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂) သင်တန်း တက်ရောက်မည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီးနောက် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများအား စားသောက်ဖွယ်ရာများဖြင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)