ရန်ကုန် မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝန်ထမ်းများမှ ရန်ကုန်မြို့ ပြည်လမ်းတစ်လျှောက် သန့်ရှင်းရေးဆောင်ရွက်နေမှု၊ မင်္ဂလာဒုံမြို့နယ် လှော်ကားရေဝေရေလွဲဒေသတွင် စိုက်ပျိုးထားရှိသော အရိပ်ရပင်ကြီးများအား ထန်းတပင်မြို့နယ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သို့ ပြောင်းရွေ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေမှု၊ မိုးရာသီတွင် သစ်ပင်များ စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်များ စိုက်ပျိူးထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒဂုံမြို့နယ်ပြည်လမ်းနှင့် အလုံလမ်းဆုံမှ ပြည်လမ်းတစ်လျှောက် မရမ်းကုန်းမြို့နယ် ပြည်လမ်းနှင့်ပါရမီလမ်းဆုံအထိ ပြည်လမ်းမကြီးပေါ်တွင် ရှိနေသော အမှိုက်၊ သဲ၊ ခဲများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေသယ်ယာဉ်များဖြင့် ရေများဆေးကြောခြင်း၊ ဝန်ထမ်းများဖြင့် လုပ်ငန်းဆောင်ရွက်ခြင်း၊ ရေစီးဆင်းသည့် ဖြတ်မြောင်းနှာပေါက်များအတွင်းရှိ အမှိုက်၊ သဲ၊ ခဲများကို ရှင်းလင်းခြင်း၊ မိုးရာသီတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများအတွင်းရှိ အမှိုက်နှင့်နုံးများတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် လှော်ကားရေဝေရေလွဲဒေသတွင် စိုက်ပျိုးထားသော ခရေပင်ကြီးများအား ထန်းတပင်မြို့နယ် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်သို့ ပြောင်းရွေ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေမှု၊ မိုးရာသီတွင် သစ်ပင်များ စိုက်ပျိုးနိုင်ရေးအတွက် လှော်ကားပျိုးဥယျာဉ်တွင် ပျိုးပင်များစိုက်ပျိူးထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)