တပ်ကုန်း မေ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ မွေးမြူရေးဇုန်များတွင် မွေးမြူရေးကဏ္ဍဖွံဖြိုးရေး မွေးမြူရေးလုပ်ငန်းရှင်များ တွေ့ဆုံခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် ခရိုင်အဆင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ ကံကြီး မွေးမြူရေးဇုန်နှင့် ရွှေမြို့မွေးမြူရေးဇုန်မှ ဥက္ကဋ္ဌများ၊ မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက မွေးမြူရေး ဇုန်များတွင် သတ်မှတ်ကာလအတွင်း သတ်မှတ်ကောင်ရေပြည့်မီရေး၊ လုပ်ငန်းရှင်များအလိုက် ခွင့်ပြုထားသည့် မြေနေရာနှင့် လက်ရှိမွေးမြူထားရှိမှုတို့အား စိစစ်ဆောင်ရွက်ရေး၊ မွေးမြူခြင်း မပြုသော မြေများစိစစ်ရေး၊ အမှန်တကယ်မွေးမြူရေး လုပ်ငန်းရင်းနှီးမြှပ်နှံမည့်သူများကို နေရာ ချထားပေးရေး၊ မွေးမြူရေးဇုန်များ အမြန်ဆုံးဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံကျသော ကုန်ထုတ်လမ်း၊ ရေ၊ လျှပ်စစ်မီးနှင့် နို့ထွက်ထုတ်ကုန် ထုတ်လုပ်နိုင်မည့်ပစ္စည်းများ လိုအပ်ချက်များအပေါ် စိစစ်တင်ပြနိုင်ရေး ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနနှင့်သက်ဆိုင်သည့် လိုအပ်ချက်များအား ကူညီပံ့ပိုးဆောင်ရွက်ရေးနှင့် လုပ်ငန်းရှင်များကလည်း ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့သည် ရှောက်ကုန်း ကျေးရွာအုပ်စု၊ ရှောက်ကုန်းကျေးရွာ “မျိုးဆက်သစ်” ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် အဆောက်အဦ ကြံ့ခိုင်မှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ကံကြီးမွေးမြူရေးဇုန်နှင့် ရွှေမြို့ မွေးမြူရေးဇုန်သို့ သွားရောက်၍ မွေးမြူရေးဇုန်များတွင် တိရိစ္ဆာန်များ မွေးမြူထားရှိမှုအခြေအနေ များ၊ အခြေခံကျသော ကုန်ထုတ်လမ်း၊ ရေ၊ လျှပ်စစ်မီး လိုအပ်ချက်များ အပေါ်စိစစ်တင်ပြနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)