မော်လမြိုင်မြို့ မေ ၁၁
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မွန်ပြည်နယ်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄)ကို ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မွန်ပြည်နယ် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးများ၊ နှီးနွယ်ဌာနများမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ကုသရေးဦးစီးဌာန လက်အောက်ရှိ ပြည်နယ်/ ခရိုင်/ မြို့နယ်/ တိုက်နယ်ပြည်သူ့ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ ခရိုင်/ မြို့နယ်ကုသရေး ဦးစီးဌာနမှူးများ၊ ပုဂ္ဂလိကဆေးရုံများ၊ ပုဂ္ဂလိကအထူးကုဆေးခန်းများ၊ ပုဂ္ဂလိက အထွေထွေရောဂါကုဆေးခန်းများ၊ ပုဂ္ဂလိကရောဂါရှာဖွေရေးလုပ်ငန်းများမှ တာဝန်ခံပုဂ္ဂိုလ်များ၊ တက်ရောက်သည်။
ရှေးဦးစွာ အစည်းအဝေးတွင် မွန်ပြည်နယ်ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ ဦးစောကြည်နိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မွန်ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးမှ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ပုဂ္ဂလိကကျန်းမာရေးဌာနခွဲနှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့မှ အခါအားလျော်စွာ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များ၊ မွန်ပြည်နယ်အတွင်းရှိ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးခဲ့ပြီး ပုဂ္ဂလိကလုပ်ငန်းများမှလည်း သိလိုသည်မျာကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)