နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥတ္တရသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် မေ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေ ၃ နာရီတွင် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊  နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက် ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဆိုသည့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ထုတ်ကုန်များကို စီမံကိန်းလျာထားချက်များ ပြည့်မီစေရေးအတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း၊ လယ်ယာစိုက်ပျိုးရာတွင် ကြဲပက်စိုက်ပျိုးခြင်း မပြုလုပ်ဘဲ ခေတ်မီစိုက်ပျိုး နည်းစနစ် များဖြင့် စိုက်ပျိုးနိုင်ရေး၊ အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးရေးတို့ကို အလေးထား စိုက်ပျိုးစေလိုကြောင်း၊ ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရသဖြင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းပြည့်ဝစွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်အောင် စနစ်တကျဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် အချက်လေးချက်သည် အဓိကအရေးကြီးသဖြင့် စနစ်တကျ အသုံးချရန် လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး၊ MSME ထုတ်ကုန်များကို အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ ပြည်ပပို့ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်များ ကောင်းမွန်စေရေးနှင့် ပရိဘောဂများ ပြည့်စုံကောင်းမွန်စေရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ကျောင်းစာကြည့်တိုက်နှင့် ကျေးရွာစာကြည့်တိုက်များတွင် စာအုပ်စာပေများ စုံစုံလင်လင် ထားရှိနိုင်ရေး၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားနိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအထောက်အကူပြုပေးနိုင်သည့် စာအုပ်စာပေများ ထားရှိနိုင်ရေး၊ လူငယ်လူရွယ်များ စာဖတ်သည့် အခွင့်အလမ်းများ ရရှိရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး အတွက် One Stop Service ဖြင့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဥတ္တရသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက မြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အချက်အလက်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအခြေအနေနှင့် လိုအပ်ချက်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပုဗ္ဗသီရိမြို့နယ်ရှိ ကွေ့ကြီးသုသာန်နှင့် ပုဗ္ဗသီရိအမှိုက်ကွင်းသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက နေ့စဉ်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပတ်ဝန်းကျင်တွင် လေကောင်းလေသန့်ရရှိစေရေးအတွက် သဘာဝပတ်ဝန်းကျင် အကျိုးပြုမည့်သစ်ပင်များ၊ လေကို သန့်စင်စေသော အပင်များ၊ အမြဲစိမ်းစို ကြီးမြန်သစ်ပင်များ စိုက်ပျိုးထားရန်နှင့် တာဝန်ကျဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးရန်နှင့် အာဟာရပြည့်ဝစေရေး ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည်များကို  တာဝန်ရှိသူများအားမှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် မြို့ရေပေးဝေရေး ဆောင်ရွက်လျက်ရှိသည့် သတ္တသတ္တာဟမဟာဗောဓိစေတီတော် အနီးရှိ သပြေစမ်းဆည်းအတွင်း ရေဝင်လမ်းကြောင်းနှင့် ဆည်အတွင်းနုံးများ တူးဖော်ဆယ်ယူနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ရေလမ်းကြောင်းပွင့်ရန်အတွက် ရေနည်းပါးချိန်တွင် အချိန်မီဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)