ရန်ကုန် မေ ၁၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၉) နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
ဦးစွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုအား ပြသသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် စာကြည့်တိုက်များတွင် အသက်အရွယ်အလိုက် ဖတ်ရှုလေ့လာမှတ်သားနိုင်ရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်များ၊ ဘာသာရေးဆိုင်ရာစာအုပ်များ၊ ကလေးငယ်များ အတွက် ပုံပြင်၊ ကာတွန်း၊ ရုပ်စုံစာအုပ်စာစောင်များ ထားရှိရန်လိုအပ်ပါကြောင်း၊ Online များတွင် အဆိုပါ စာအုပ်စာစောင်များ ဆောင်ရွက်ထားရှိမှုကိုလည်း တွေ့ရပါကြောင်း၊ အသိပညာတိုးပွားစေရန် ယခုကျင်းပသည့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် စာကြည့်တိုက်မှူးများက ဆွေးနွေးတင်ပြကြရန် လိုအပ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှလည်း ပြည်သူများ လေ့လာဖတ်ရှုနိုင်မည့်လိုအပ်သည့် စာအုပ်စာစောင်များကို စာကြည့်တိုက်များတွင် ယခင်ကလဲ ဖြည့်ဆည်းပေးသကဲ့သို့ ယခုလည်း ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။
၎င်းနောက် အစီအစဉ် ဒုတိယပိုင်းအလုပ်ရုံဆွေးနွေးပွဲကို တိုင်းဒေသကြီးလွှတ်တော်၌ ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၊ ကော်မတီဝင် ဒေါက်တာ ခင်လေးစိုး၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဒုတိယဥက္ကဋ္ဌ၊ ဦးမောင်မောင်ဦးတို့က စာကြည့်တိုက်အကြောင်း သိကောင်းစရာများကို ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၊ အတွင်းရေးမှူး ဦးဆန်းဝင်းက ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များသို့ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်မှုအပေါ် လေ့လာသုံးသပ်ခြင်းစာတမ်းကို ဖတ်ကြားပြီး တက်ရောက်လာကြသူများက မေးမြန်းကြရာ စာတမ်းရှင်များက ရှင်းလင်းဖြေကြားကြသည်။
ဆက်လက်၍ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အုပ်စု (၄) ဖွဲ့ဖြင့်ဖွဲ့ကာ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပြီး သဘာပတိက အုပ်စုများ၏ ဆွေးနွေးတင်ပြမှုများအပေါ် ခြုံငုံသုံးသပ်ပြောကြားခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံစာကြည်တိုက် ဖောင်းဒေးရှင်ဥက္ကဋ္ဌ ဦးညွှန့်ဆွေ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမှုမောင်နိုင်မိုး)၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီဝင်များ၊ စာကြည့်တိုက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ဧည့်သည်တော်များ၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စာကြည့်တိုက်ကော်မတီများနှင့် ရပ်ကွက်/ကျေးရွာ စာကြည်တိုက်မှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)