မိုးနဲမြို့နယ်၌ စွမ်းအားမြှင့်မီးဖိုများသုံးစွဲခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် ကျေးရွာအိမ်ထောင်စုများအား စွမ်းအားမြှင့်မီးဖိုများ ပေးအပ်

မိုးနဲ မေ ၁၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာန( Korea CCC )တို့ ပူးပေါင်းဆောင်ရွက်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်းရှိ ကျေးရွာအိမ်ထောင်စုများအား စွမ်းအားမြှင့်မီးဖိုများသုံးစွဲခြင်းဆိုင်ရာအသိပညာပေးခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးနေရာ၌ကျင်းပပြုလုပ်ရာ လင်းခေးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ လင်းခေးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်အေးမို့မို့ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မိုးနဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးဇော်မော်ဦးက စွမ်းအားမြှင့်မီးဖိုများသုံးစွဲခြင်းဆိုင်ရာအသိပညာပေးခြင်း၊ ဖြန့်ဖြူးပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြား ခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မိုးနဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၀)အုပ်စု၊ ကျေးရွာ(၅၈)ရွာမှ အိမ်ထောင်စု(၂၇၆၃)စုအတွက် စွမ်းအားမြှင့်မီးဖိုများ‌ကိုပေးအပ်ရာ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ စွမ်းအားမြှင့်မီးဖိုများအားလောင်စာထင်းသုံးစွဲမှုကို လျှော့ချခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရန်၊ တောင်သူလယ်သမားများနှင့် ကျေးလက်နေပြည်သူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ပညာပေးရန်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟုသုတများအားမြှင့်တင်ပေးရန်၊ စွမ်းအားမြှင့်မီးဖိုများထုတ်လုပ်ခြင်းဖြင့် ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန်၊ ချက်ပြုတ်ရာတွင်လောင်စာထင်းသုံးစွဲမှုကိုလျှော့ချခြင်းဖြင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ခြင်းကြောင့် Carbon Credit ရရှိရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေတစ်ရပ်ထူထောင်၍ ကျေးရွာသစ်လှုပ်ရှားမှုလုပ်ငန်းများဆောင်ရွက်ရန်နှင့် စံပြကျေးရွာများတိုးချဲ့လုပ်ဆောင်နိုင်ရန်စသည့် ရည်ရွယ်ချက်များနှင့် ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ