ဒလ မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပူပြင်းခြောက်သွေ့သောနွေရာသီ၌ သောက်သုံးရေခက်ခဲသည့် ရပ်ကွက်၊ ကျေးရွာများသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ဧရာဝတီရေတပ်စခန်းဌာနချုပ်တို့မှ သောက်သုံးရေများကို ယမန်နေ့နံနက်(၉) နာရီအချိန်က လှူဒါန်းခဲ့ကြသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒလတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထူးနှင့်အဖွဲ့သည် ဧရာဝတီရေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်မတော်ရေသယ်ယာဥ်ဖြင့် ဒလသင်္ဘောဆိပ်သို့ ရောက်ရှိခဲ့ပြီး တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူတို့မှ ကြိုဆိုခဲ့ကြသည်။ အဆိုပါ တပ်မတော်ရေသယ်ယာဥ်မှ သောက်သုံးရေ ဂါလံ(၆၀၀၀၀)အား မြို့နယ်စည်ပင်ရေသန့်မှ ရေသယ်ယာဥ်(၂)စီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဥ်(၃)စီးနှင့် ပရဟိတအသင်းအဖွဲ့များမှ ရေသယ်ယာဥ် (၄)စီး၊ စုစုပေါင်း ရေသယ်ယာဥ်(၉)စီး တို့ဖြင့် ဒလမြို့နယ်အတွင်းရှိ သောက်သုံးရေ လိုအပ်လျက်ရှိသော ကမာကဆစ်ရပ်ကွက်၊ မှော်စက် ရပ်ကွက်၊ ရာဇသင်္ကြန်ရပ်ကွက်၊ ကမာကသွယ် ရပ်ကွက်ရှိ မဟာသုမနာရာမ ဘုန်းတော်ကြီးကျောင်းနှင့်တံတားချောင်းကျေးရွာအုပ်စုများရှိ အိမ်ထောင်စု(၁၁၂၈၄)စုသို့ သောက်သုံးရေ ဖြန့်ဝေခြင်းနှင့် ရေသိုလှောင်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဗညားဒလရပ်ကွက်ရှိ နန်းဦးပရိ ယတ္တိစာသင်တိုက်သို့ ဒလတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းထူးနှင့်အဖွဲ့သည် လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်း၍ ရေသိုလှောင်ကန်များအား သောက်သုံးရေများ ဖြည့်တင်းပေးခဲ့ကြသည်။
မြင့်ဇော်(ပြန်/ဆက်)