ဒဂုံတောင် မေ ၁၁
မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများမီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်နိုင်ရေး အသိပညာများကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့ ညနေပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးတွင် မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်း၊ ဝန်ထမ်းများအားအသိပညာပေးဟောပြောမှုနှင့်အတူ မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိဦးမြင့်သူက ရန်ကုန်အရှေ့ပိုင်းခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ပေးခြင်းနှင့် မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးနည်းလမ်းများကို အကျယ်တဝင့်အသိပညာပေးဟောပြောပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ဂက်(စ်)မီးဖို၏မီးတောက်မီးလျှံများမီးငြှိမ်းသတ်နည်း၊ စက်သုံးဆီများမီးလောင်ကျွမ်းမှုအပေါ် ငြှိမ်းသတ်မှုနည်းလမ်းများ၊ မီးသတ်ဆေးဘူးအသုံးပြုပုံများ၊ မီးသတ်ပိုက်ဖြင့်မီးငြှိမ်းသတ်ပုံတို့ကို တက်ရောက်လာသောဝန်ထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန်းသန်းအေး