သထုံ မေ ၁၀
အပူချိန်မြင့်မားမှုကြောင့် ရေရှားပါးမှုနှင့်ကြုံတွေ့နေရသည့် မွန်ပြည်နယ်အတွင်းမှ မြို့နယ်အသီးသီးတို့ရှိ ပြည်သူများထံ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၏ ကြီကြပ်မှုဖြင့် ဝန်ထမ်းများမှ ယမန်နေ့က သောက်သုံးရေများ လိုက်လံ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
လိုက်လံဖြန့်ဝေပေးရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများနှင့် တာဝန်ရှိသူများပူးပေါင်းကာ ကျိုက်ထို၊ သထုံ၊ ပေါင်၊ ချောင်းဆုံနှင့် သံဖြူဇရပ်မြို့နယ်တို့ရှိ ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာ ၆ ရွာတို့မှ ရေအခက်အခဲဖြစ်နေသည့် ပြည်သူများထံ ရေဂါလန်ပေါင်း ၄၈၄၀၀ ဖြန့်ဝေပေးခဲ့ကြသည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်အတွင်း ပြည်နယ်ဦးစီးမှူးရုံး၏ကြီးကြပ်မှုဖြင့် ရေအခက်အခဲဖြစ်သည့် ပြည်သူများထံ စဉ်ဆက်မပြတ် ရေဖြန့်ဝေပေးမှုများ ဆောင်ရွက်ခဲ့ပြီး ယခုလအတွင်း မေလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ မြို့နယ် ၆ မြို့နယ်တို့မှ ရပ်ကွက် ၁၅ ရပ်ကွက်၊ ကျေးရွာ ၆ ရွာတို့ရှိ ပြည်သူများထံ သောက်သုံးရေဂါလန်ပေါင်း ၁၁၃၀၀၀ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်