ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကျောင်းအပ်နှံရေးမြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူ

ရန်ကုန် မေ ၁၀

“ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်ကို ယနေ့ မွန်းလွဲပိုင်းက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြို့နယ်ပညာရေးမှူးရုံးရှေ့တွင်  စိုက်ထူခဲ့သည်။

မြေစိုက်ပိုစတာဆိုင်းဘုတ်အား အ.ထ.က(၁)ကျောင်းအုပ်ဆရာကြီး ဦးဇော်မျိုးထွဋ်နှင့်ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများက စိုက်ထူ၍အမွှေးနံ့သာရည်များဖြင့်ပက်ဖြန်ခဲ့ပြီး ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာများစိုက်ထူပေးထားခြင်းဖြင့် မိဘပြည်သူများအနေဖြင့်မိမိတို့၏ သား၊ သမီးများ ပညာတတ်မြောက်ရေး၊ အသက်အရွယ်နှင့် လိုက်ဖက်ညီစွာပညာသင်ကြားနိုင်ရန်၊ ကျောင်းအပ်နှံရက်ကိုအချိန်မီသိရှိစေပြီး မိမိတို့ရင်သွေးသား/သမီး ပညာရေးအတွက် ကျောင်းအပ်နှံနိုင်မည်ဖြစ်သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာရေးကျောင်းများတွင် ကျောင်းအပ်နှံရက်အား ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ (၂၃) ရက်နေ့မှ ဇွန်လ (၂) ရက်အထိ သတ်မှတ်ထားပြီး မြေစိုက်ပိုစတာဆိုင်းဘုတ်တွင်လည်း ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

ဖြိုးစန္ဒာကျော်(ပြန်/ဆက်)