နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းအပ်နှံရေးတို့အတွက် ဆောင်ရွက်ထားရှိမှုမျာအား ကြည့်ရှုစစ်ဆေးပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

နေပြည်တော် မေ ၁၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်ရှိ ဉာဏ်အလင်းစာကြည့်တိုက်သို့ သွားရောက်၍ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ ခင်းကျင်းထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စာဖတ်သည့်အလေ့အထများဖြစ်စေရေး၊ အသိ ပညာ၊ အတတ်ပညာ ဗဟုသုတပြည့်စုံစေရေး၊ စာအုပ်များ စနစ်တကျထားရှိရေး၊ နေ့စဉ်ထုတ်သတင်းစာများ ထားရှိရေး၊ သုတရသစာအုပ်စာစောင်များ ပြည့်စုံစွာထားရှိရေး၊ စာကြည့်တိုက်တွင် လူငယ်လူရွယ်များအတွက် အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခြင်း၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရေး၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဉာဏ်အလင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး မြို့မိ၊ မြို့ဖများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျောင်းအပ်နှံရေးအတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး တို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းပညာရေးအပြင် အသက်မွေးဝမ်းကြောင်းပညာများကို သင်ကြားနိုင်ရေး၊ ပညာသင်ကြားသည့် ကလေးများအား ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေးတို့ကို ဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်ကို Green City, Clean City, Smart City အဖြစ် ဆောင်ရွက်နေလျက်ရှိရာ အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းပတ် ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် အမြဲစိမ်းသစ်ပင်များ၊ နှစ်ရည်ပင်များ စိုက်ပျိုးရေး၊ အမှိုက် များကို စနစ်တကျစွန့်ပစ်ရေးနှင့် သန့်ရှင်းသာယာလှပရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းမြင့်က ကျောင်းအပ်နှံရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ကျောင်းစာကြည့်တိုက် ဖွင့်လှစ်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စာသင်ခန်းများနှင့် ကျောင်းစာကြည့်တိုက် ဖွင့်လှစ်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းစာကြည့်တိုက်တွင် လူငယ်လူရွယ်များ စာပေလေ့လာဖတ်ရှုနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းစာကြည့်တိုက်အတွက် ငွေပဒေသာပင်အဖြစ် အလှူငွေကျပ် ၁၀ သိန်းနှင့် စာအုပ် စာစောင်များကို ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အမေသန်း စာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက်တွင် လူငယ်လူရွယ်များ စာပေလေ့လာ ဖတ်ရှုနေမှုကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်အတွက် စာအုပ် စာစောင်များကို ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဆိုသည့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အောင်မြင်စွာ တိုးချဲ့ထုတ်လုပ်ကြရမှာဖြစ်ကြောင်း၊ ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရသဖြင့် ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်ဝစွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်အောင် စနစ်တကျဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းစသည့်အချက်လေးချက်သည် အဓိကအရေးကြီးသဖြင့် စနစ်တကျ အသုံးချရန် လိုအပ်ကြောင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် MSME ထုတ်ကုန်များကို အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ ပြည်ပပို့ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အရေးပေါ်အခြေအနေအတွက် လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေကြရန် လိုအပ်ကြောင်း၊ သစ်ပင်သစ်တောများ စိုက်ပျိုးခြင်းဖြင့် သဘာဝဘေးအန္တရာယ်ကို အထိုက်အလျှောက် လျော့ချနိုင်သဖြင့် ကျေးရွာအုပ်စုများအလိုက် သစ်တောစိုက်ခင်းများ စိုက်ပျိုးအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် သစ်တောပြုန်းတီးမှုများ မရှိစေရေးအတွက်လည်း အမျိုးသားရေးစိတ်ဓာတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်များ ကောင်းမွန်စေရေးနှင့် ပရိဘောဂများ ပြည့်စုံကောင်းမွန်စေရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကျောင်းစာကြည့်တိုက်နှင့် ကျေးရွာစာကြည့်တိုက်များတွင် စာအုပ် စာပေများ စုံစုံလင်လင်ထားရှိနိုင်ရေး၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားနိုင်ပြီး လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအထောက်အကူပြုပေးနိုင်သည့် စာအုပ်စာပေများ ထားရှိနိုင်ရေး၊ လူငယ်လူရွယ်များ စာဖတ်သည့်အခွင့်အလမ်းများ ရရှိရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက် သွားကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က မြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အချက်အလက်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ဌာန ဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များက လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများအခြေအနေနှင့် လိုအပ်ချက်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)