တပ်ကုန်းမြို့နယ်အတွင်း လေပြင်းတိုက်ခိုက်သဖြင့် စာသင်ကျောင်း အမိုးလန်ပျက်စီးမှုဖြစ်ပွား

တပ်ကုန်း မေ ၁၀

ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လယ်ပြင်မကျေးရွာအုပ်စု၊ လယ်ပြင်မကျေးရွာတွင် ယမန်နေ့မွန်းလွဲပိုင်းက လေပြင်းတိုက်ခိုက်၍ လယ်ပြင်မကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၂၅ x ၉၀ ပေရှိ စာသင်ကျောင်းဆောင် ၁၂ ပေသွပ် ၆၀ ချပ်၊ ကိုးပေသွပ် ခြောက်ချပ် အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့သည်။

အဆိုပါကျောင်း စာသင်ဆောင်သည် အန္တရာယ်ရှိစာသင်ဆောင်အဖြစ်သတ်မှတ်ထားပြီး၊ ပညာရေးဌာနမှ ဖျက်ဆီးခွင့်ပြုထားသော ကျောင်းဆောင်ဖြစ်ကြောင်းသိရပြီး လေပြင်းတိုက်ခိုက်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိပါကြောင်း သိရသည်။

တင်စိုးလွင်