ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပ စိမ်းလန်းစိုပြည်စေရေး လုပ်ငန်းစီမံကိန်းများတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ကြရေးလုပ်ငန်းညှိနှိုင်း ဆွေးနွေး

မြစ်ကြီးနား     မေ ၁၀

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်‌ဆောင်သည် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းစီမံကိန်းများတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မေ ၉ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မနော‌ရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးက မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသပ်ရပ်စေရေးအတွက် ဘဏ္ဍာနှစ်အလိုက် စည်ပင်သာယာရေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့ပြစိမ်းလန်းစိုပြည်ပြီး ပန်းမြို့တော်အဖြစ် ပြည်နယ်အစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို စည်ပင်သာယာရေးအဖွဲ့တစ်ခုတည်းဖြင့် ဆောင်ရွက်၍မရသကဲ့သို့ ရပ်ကွက်နေပြည်သူလူထု၏ ဦးဆောင်သူများဖြစ်သည့် အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး တိုက်တွန်းမှာ ကြားသည်။

ထို့နောက် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက ဘဏ္ဍာနှစ်အလိုက် မြို့ပြလမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ရေး၊ ရေရရှိရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ မြို့ပြသန့်ရှင်းရေးအတွက် အမှိုက်သိမ်းယာဉ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ရပ်ကွက်များအတွင်း ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ မြို့နယ်အမှုဆောင်အရာရှိက ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးက မိမိရပ်ရွာ သန့်ရှင်းသာယာလှပရေးနှင့် ဖွံဖြိုးတိုးတက်ရေးအတွက် လမ်းလုပ်ငန်း၊ ရေရရှိရေးတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဘဏ္ဍာနှစ်အလိုက် ဘက်ဂျက်ခွဲဝေလျာထားနိုင်ရေး တင်ပြဆောင်ရွက်သွားကြရန်နှင့် အားလုံးက ပူးပေါင်းပါဝင်ဆောင် ရွက်ကြရေး၊ ရပ်ကွက်အလိုက် လိုအပ်ချက်များအပေါ်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်