တံတား မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အပူဒဏ်ကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် (၈) နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က အပူဒဏ်၏ဆိုးကျိုးများ၊ အပူရှိန်လွန်ကဲမှုကြောင့်ဖြစ်ပေါ်လာသော ကျန်းမာရေးဆိုင်ရာဗဟုသုတများ၊ ခရမ်းလွန်ရောင်ခြည်၏ အန္တရာယ်တို့ကိုကာကွယ်နိုင်ရန်လုပ်ဆောင်ရမည့်နည်းလမ်းများ၊ ပူးပြင်းသောရာသီနှင့်လိုက်လျောညီထွေးမှုရှိသည့် အဝတ်အစားဝတ်ဆင်ခြင်းများ၊ ချွေးထွက်လွန်ခြင်း၊ ခန္ဓာကိုယ်တွင်းရှိရေနှင့်ဓာတ်ဆားဆုံးရှုံးမှုများပြားခြင်းကြောင့် ရေများများသောက်ခြင်း၊ ဓာတ်ဆားရည်သောက်သုံးခြင်းများ၊ တစ်နေ့တာ၏အပူဆုံးအချိန်ဖြစ်သော နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအထိ အပြင်ထွက်ခြင်းမပြုလုပ်သင့်ကြောင်း၊ နေပူထဲထွက်ပါက ခရမ်းလွန်ရောင်ခြည်တိုက်ရိုက်မထိတွေ့စေရန် ထီး (သို့မဟုတ်) ဦးထုပ်ဆောင်းရမည်ဖြစ်ကြောင်း၊ ပူပြင်းသောနေရောင်အောက်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားခြင်းများကိုရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ အရိပ်ရအေးမြသောနေရာတွင်အနားယူသင့်ကြောင်း၊ အရည်ရွှမ်းသောအသီးအနှံများကို စားသုံးသင့်ကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော ( Youth Club ) အဖွဲ့ဝင်ကျောင်းသူ မခြူးအိမ့်သွယ်က အပူဒဏ်ကြောင့်ဖြစ်ပေါ်လာသည့် ပင်ပန်းနွမ်းနယ်ခြင်းရောဂါလက္ခဏာများ၊ ဆေးကုသခံယူခြင်းများကိုလည်းကောင်း၊ (Youth Club) အဖွဲ့ဝင်ကျောင်းသူ မသိမ့်မြတ်နိုးဦးက ခရမ်းလွန်ရောင်ခြည်ကာကွယ်ရေးနည်းလမ်းများကိုလည်းကောင်း ဆွေးနွေးပြီးနောက် တက်ရောက်လာသောကျောင်းသူများမှလည်း သိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မိုးဖြူလွင် (ပြန်/ဆက်)