မိုင်းဖြတ် မေ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းအထောက်အကူပြု စိုက်ပျိုးရေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက နမ့်ကုန်းကျေးရွာအုပ်စု၊ ဟောင်ဟင်ကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်ကအဖွင်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးထွန်းရွှေက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က စိုက်ပျိုးရေးဆိုင်ရာ ဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မေလ ၁၀ ရက်မှ ၂၄ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းသို့ စိတ်ပါဝင်စားသူ တောင်သူ (၂၀)ဦး တက်ရောက်ပြီး သင်တန်းတွင် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာရပ်များဖြစ်သည့် ပျိုးရွေးချယ်ခြင်း၊ ပျိုးဘောင်ထောင်ခြင်း၊ (၁)ဧကစိုက်ပျိုးရမည့် မျိုးဆောင်ရွက်ပုံအဆင့်ဆင့်များနှင့် သီးနှံ (၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များကို ဆွေးနွေးသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)