သန်လျင်မြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

ရန်ကုန် မေ ၁၀

သန်လျင်မြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် သန်လျင်ခရိုင်၊ သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်များသည် မြို့တွင်းသို့လှည့်လည်ပြီးနောက် ပြန်လည်ရောက်ရှိလာရာ အ.ထ.က (၁)သန်လျင်ကျောင်းရှေ့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့်ကျောင်းအုပ်ဆရာကြီးတို့က ဂုဏ်ပြုပန်းစည်းများဖြင့် ကြိုဆိုကြသည်။

ထို့နောက် အခမ်းအနားကို ရတနာရှင်းသန့်ခန်းမ၌ကျင်းပရာ အစီအစဥ်အရ ကျောင်းသား၊ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားအားဖွင့်လှစ်သည်၊ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်ဝင်းတို့က ဂုဏ်ပြုအမှာစကားများပြောကြားကြသည်။ ယင်းနောက် မြို့နယ်ဂုဏ်ဆောင်လူရည်ချွန်မောင်မယ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ အ.ထ.က(၁)သန်လျင်နှင့် အ.ထ.က(၄)သန်လျင်တို့မှကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သန်လျင်မြို့နယ် အ.ထ.က(၁) Grade 11မှ နှစ်ထပ်ကွမ်းလူရည်ချွန် မောင်အောင်ကောင်းခန့်၊ Grade 10 မှ မောင်အာကာမိုးမြင့်မောင်နှင့် အ.ထ.က(၄)သန်လျင် Grade 12 မှ မဇင်လင်းလဲ့မေတို့ (၃)ဦး ရရှိခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင်ပြန်ဆက်)