ဟိုပုံး မေ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသအဆင့်စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်တဲ့ မြစိမ်းရောင်စီမံကိန်း၊ VDP စီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း၊ ကျေးလက်စီးပွားမြှင့်တင်ရေးစီမံကိန်း(RBF)၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) စတဲ့လုပ်ငန်းတွေကို နှစ်တစ်နှစ်တာအတွက် လုပ်ငန်းများတိုးတက်မှုကို ပြန်လည်ဆန်းစစ်သုံးသပ်ပွဲပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ဒေသခံကျေးရွာသူ/သားများ ကျေးရွာအတွင်းဖွဲ့စည်းထားတဲ့ ကျေးရွာ အသင်း/အဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ စွမ်းဆောင်ရည်မြှင့်မားလာစေဖို့ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ (VDP၊ Cash For Work) ကဲ့သို့ အသေးစားအခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်သကဲ့သို့ သွင်းအားစုငွေကြေးဝန်ဆောင်မှုနဲ့ နည်းပညာများပံ့ပိုးပေးခြင်းဖြင့် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်တဲ့ (RBF၊ မြစိမ်းရောင်၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း) ကဲ့သို့ စီမံကိန်းများကိုလည်း နှစ်စဉ်တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဇင်မှ ပအိုဝ်းဒေသနဲ့ ကျေးလက်နေပြည်သူများအတွက် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများသာမက လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့ မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်ကျဉ်းမြောင်းလာစေဖို့၊ ဆိုလာစနစ်သုံးစိုက်ပျိုးရေရရှိရေးလုပ်ငန်းနဲ့ တောင်သူများဝင်ငွေ တိုးပွားလာစေဖို့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေဖို့စတဲ့ ဦးစီးဌာနရဲ့ မူဝါဒ (၁၄) ချက်၊ ရှေ့လုပ်ငန်းစဉ် (၁၂) ချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပအိုဝ်းဒေသအနေနဲ့ ဌာနရဲ့ မျှော်မှန်းချက်၊ ရည်မှန်းချက်တွေနဲ့အညီ နှစ်စဉ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လယ်ယာသား/ငါးအထောက်အကူပြု ကုန်ထုတ်လမ်းသွယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်သောက်သုံးရေရရှိရေး၊ ပြင်ပကျေးလက် မီးလင်းရေးလုပ်ငန်းများနှင့် လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုဗဟိုပြုချဉ်းကပ်မှု နည်းလမ်းတွေနဲ့ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင် ပထမဆုရရှိသော ပင်လောင်းမြို့နယ်၊ ပင်လောင်းကြီးအုပ်စု၊ ပင်လောင်းကြီး (ရှေ့) ကျေးရွာကိုလည်းကောင်း၊ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဇင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင် ဒုတိယဆုရရှိသော ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု၊ ဟိုနားကျေးရွာကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယ ရဲမှူးကြီး သန်းဌေးအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင် တတိယဆုရရှိသော ပင်လောင်းမြို့နယ်၊ ပေါ့ယားကျေးရွာအုပ်စု၊ လယ်ကြားကျေးရွာကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လွင်လွင်ဦးက ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village) ပူးပေါင်းဆောင်ရွက်မှု အကောင်းဆုံးရရှိသည့် ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု၊ ထီရွေးကျေးရွာကိုလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားကို ဆက်လက်ကျင်းပရာ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဇင်က အဖွင့်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာသည့် ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့မှ ပြည်သူများက ခေါင်းစဉ်အလိုက်အုပ်စုဖွဲ့၍ အသီးသီးဆွေးနွေးကြပြီးနောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း၊ ဆိုလာရေတင်လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းနှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)