မြင်းခြံ မေ ၁၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ စာရေးဆရာ မောင်ခင်ခင်(ဓနုဖြူ)၏ “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းတည့် (၁၂) နာရီ အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ယခုဆွေးနွေးသည့်စာအုပ်တွင် ကျောင်းသား ဘဝကို ဖြတ်သန်းခဲ့သော လူငယ်တစ်ဦးချင်းစီ၏ ဘဝခရီးလမ်းတွင် တင့်တင့်တယ်တယ် လျှောက်လှမ်းနိုင်ရန်အတွက် ပညာအမွေ စိတ်ဓာတ်အမွေများ လက်ဆင့်ကမ်းပေးရုံမျှမက တစ်ကိုယ်ရည်ကျန်းမာရေး ပြည့်စုံဖို့မှသည် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် နေထိုင်ဆက်ဆံတတ်ဖို့အထိ ဘက်စုံပျိုးထောင်ပေးခဲ့သော ရာဂဏန်းအထိရှိသည့် ဆရာ၊ ဆရာမအပေါင်း၏ ကျေးဇူးတရားကြီးမားလှပုံကို လူငယ်နှင့်ပညာဆိုင်ရာစာစုများဖြင့် စာရေးသူ ကိုယ်တွေ့ခံစားတင်ပြရေးသားထားသည့် စာအုပ်ဖြစ်သဖြင့် ကျောင်းသားလူငယ်လေးများ အလွန်ဖတ်ရှုသင့်သည့် စာအုပ်လေးဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ခရိုင်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်လေးလေးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်ခင်စောညွန့်နှင့် အဖွဲ့ဝင်များ၊ စာပေ ဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများမှ “အမွေခံတစ်ယောက် အမွေပေး သူတစ်ရာ၊ ဆရာနှင့် ပတ်သက်သည့် အတွေးများ၊ ဆရာတပည့်ပုံရိပ်များ၊ စိန်ခေါ်ကြစေချင်ပါသည်၊ ဂုဏ်ယူစရာ ကြိုးစားစရာ” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
ကျော်စွာ(မြင်းခြံ)