ရန်ကင်း မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများပါဝင်သည့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဥ်ကျင်းပလျက်ရှိရာ မေလ ၈ ရက်နေ့ နံနက် ၁၁ နာရီက စာရေးဆရာမ ဒဂုံကြည်ဇော်၏” ရင်မှာခံစားရသများ ” ဆောင်းပါးဖြင့် စာပေစကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်လှလှထွေးက စာပေစကားဝိုင်းပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့်အလေ့အကျင့်များရရှိပြီး အသိပညာဗဟုသုတများ တိုးပွားလာခြင်း၊ အမှားအမှန်ဝေဖန်ပိုင်ခြားနိုင်မှုများရရှိလာခြင်း၊ စာပေအကြောင်းအရာများကို တစ်ဦးနှင့်တစ်ဦးဖလှယ်နိုင်ပြီး စာပေအကျိုးကျေးဇူးကိုရရှိခံစားနိုင်စေခြင်းစသည့်ရည်ရွယ်ချက်များဖြင့် စာပေစကားဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Book Club အဖွဲ့ဝင်စာရေးဆရာမဒဂုံကြည်ဇော်က ရင်မှာခံစားရသများဆောင်းပါးဖြင့် စာပေစကားဝိုင်းအားစတင်ခဲ့ရာ ယခုဆောင်းပါးသည် ရသ ၉ မျိုးကို အခြေခံကာရေးဖွဲ့ထားကြောင်း၊ ရသသည်လူတို့၏စိတ်ဘဝင်တွင်ခံစားမှုကို ပေးစွမ်းနိုင်ကြောင်း၊ ကဗျာ၊ လင်္ကာ၊ စကားပြေစသည်ဖြင့် ရေးသားရာတွင် မိမိရေးသားမည့်အကြောင်းအရာနှင့်လျော်ညီအောင် စကားလုံးအသုံးအနှုန်းများကို ရသမြောက်စွာရေးသားဖွဲ့နွဲ့ကြခြင်းကြောင့် စာဖတ်သူ၊ နားဆင်သူများအနေဖြင့် အကြောင်းအရာဇာတ်လမ်း၊ ဇာတ်ကွက်တို့ထင်ရှားပေါ်လွင်စေပြီး ပေးစွမ်းချင်သည့် ရသများကိုလည်း ထိထိမိမိခံစားကြရမှာဖြစ်ကြောင်းစသည်ဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club အဖွဲ့များကလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် မြို့နယ်ဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)