မင်္ဂလာဒုံ မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် သပြေညိုပညာဒါနအကျိုးဆောင်အသင်းမှ ဦးစီးဖွင့်လှစ်ထားသော ပညာဒါနအခမဲ့သင်တန်းမှ သင်တန်းသူ၊ သင်တန်းသားများအား လူငယ်များအသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်စွမ်းရည်များပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ သပြေညိုမင်္ဂလာခန်းမ(ထောက်ကြန့်)တွင် "လင်းလက်ကြယ်များတောက်ပဖို့ စာကြည့်တိုက်ဆီသွားကြစို့ "ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းက လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။
ဦးစွာ သပြေညိုပညာဒါနအကျိုးဆောင်အသင်းဥက္ကဋ္ဌ ဦးတင်ညွန့်က ဟောပြောပွဲကျင်းပရ ခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီရိဖြိုးအောင်က ယခုခေတ်တွင် လူငယ်လူရွယ်များသည် စာအုပ်စာစောင်များနှင့် အလှမ်းဝေးကွာလာပြီး စမတ်ဖုန်းကိုယ်စီဖြင့် ဆိုရှယ်မီဒီယာများတွင်သာ အချိန်ကုန်ဆုံးလာကြပြီး စာအုပ်စာပေဖတ်ရှု အားနည်းလာကြသဖြင့် စာပေရေသောက်မြစ်တစ်ခုဖြစ်သည့် စာကြည့်တိုက်များတွင် စာပေကို လေ့လာဖတ်ရှူစေလိုသည်။ စာဖတ်ရှုရာတွင်လည်း ဝါသနာကြောင့် ဖတ်ရှုတာမျိုးမဟုတ်ဘဲ မိမိမသိသည့် အရာများ၊ အသိပညာတိုးတက်ရေးအတွက်ကိုပါ အလေးထားဖတ်ရှုသင့်သည်၊ မျက်မှောက်ခေတ်ကာလတွင် စာဖတ်ရှုမှုအားနည်းလာသည်၊ "အလိမ္မာစာမှာရှိ စာအုပ်စာပေလူ့မိတ်ဆွေ'' ဆိုသည့် ဆိုရိုးစကားကဲ့သို့ လူမှန်ပါက စာဖတ်ဖို့လိုသည်၊ စာတတ်နေပါလျက် စာမဖတ်ပါက ခြောက်ကပ်နေသည့် သစ်ပင်ခြောက်ပင်တစ်ပင်နှင့် တူနိုင်သည်၊ မျက်မှောက်ခေတ်တွင် နိုင်ငံတော်အစိုးရ၏ အားပေးမှု၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ကြိုးပမ်းအားထုတ်မှုများကြောင့် စာကြည့်တိုက်ယဉ်ကျေးမှုများ ပြန်လည်ထွန်းကားလာပြီး စာအုပ်စာစောင်များကို အမျိုးသားစာကြည့်တိုက်များ၊ စာပေဗိမာန်နှင့် ပြည်သူ့စာကြည့်တိုက်များတွင်သာမက Digital Library များတွင်ပါ သုတ၊ ရသစာအုပ်ဗဟုသုတအစုံစုံကို အလွယ်တကူ လေ့လာဖတ်ရှုနိုင်သောကြောင့် နီးစပ်ရာ စာကြည့်တိုက်များသို့ မိမိ အားလပ်ချိန်များတွင် သွားရောက်ဖတ်ရှု စေလိုကြောင်း'' စသည်ဖြင့် ထည့်သွင်းဟောပြောခဲ့သည်။
ထို့နောက် အတွင်းရေးမှူးဦးနေဆန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသော သုတ၊ ရသစာအုပ်စာပေပြပွဲနှင့် နံရံကပ်စာစောင်များကို သင်တန်းဆရာနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဌေးလင်း