မုဒုံမြို့၌ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မုဒုံ မေ ၁၀

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အခြေခံပညာအလယ်တန်းကျောင်း (သ​င်္ဘောဦး)၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် (မော်လမြိုင်-သထုံခရိုင်) သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးအောင်ဇော်ထူးက သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှု လျော့ချရေးအကြောင်း၊ မုဒုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိက သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ၊ သစ်တောများနှင့် ရေဝေရေလဲ ထိန်းသိမ်းရေးအကြောင်း၊ တောအုပ်ကြီးမှ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်းအကြောင်း၊ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေး ခိုင်ကျော်က စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု လျော့နည်းစေရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် မုဒုံမြို့နယ် တာပသွန်ပျိုးဥယျာဉ်သို့ သွားရောက်ကာ (၂၀၂၄) ခုနှစ်  မိုးရာသီတွင်  မြို့နယ်အတွင်း ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များနှင့် အထူးပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေ၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို တာဝန်ရှိသူများက ရှင်းလင်းခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာခဲ့ကြသည်။

သစ်တောဦးစီးဌာနအနေဖြင့် ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ မျှတကောင်းမွန်​စေရန်၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများ လျော့နည်းစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ပျဉ်းမ စသည့် အရိပ်ရပျိုးပင်များကို ပြုစုပျိုးထောင်၍ စိုက်ပျိုးလျက်ရှိကြောင်း၊ ကျေးလက်ဒေသစိမ်းလန်းစိုပြေစေရေးအတွက် အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ဒေသခံပြည်သူများနှင့်ပူးပေါင်းကာ သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝဘေးကြောင့် ပျက်စီးသည့် သစ်တောသစ်ပင်များ ကောင်းမွန်ရေးအတွက် သစ်ပင်စိုက်ခင်းများ စိုက်ပျိုးခြင်း၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုမရှိစေရေးနှင့် သဘာဝသစ်တောများ ပြုန်းတီးမှု လျော့ချနိုင်ရေးတို့ကို အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)