မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၂၁ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ

ချမ်အေးသာစံ မေ ၁၀

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၂၁ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာ အားကစားကွင်းတွင်  ယမန်နေ့ ညနေပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရား သူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအားကစားဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။ 

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးလုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်က အားကိုးအားထားပြုရမည့် ထူးချွန်ထက်မြတ်သော သွေးသစ်အားကစားသမားများ လူငယ်များ ပေါ်ထွက်လာစေရေးအတွက်  ရည်ရွယ် ချက်များဖြင့် ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိပါကြောင်း၊ ယခုလို ခရိုင်ပေါင်းစုံ ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ဒေသတစ်ခုနှင့်တစ်ခု  မတူကွဲပြားသည့် အတွေ့အကြုံသစ်များ ဖလှယ်ခွင့်ရရှိစေမှာဖြစ်သည့်အပြင် အားကစားသမားအချင်းချင်း စည်းလုံးညီညွတ်မှုရှိကာ ဒေသတွင်း ဘောလုံးအားကစားကို ပိုမိုတိုးတက်လာစေမည်ဖြစ်ပါကြောင်း၊ အားကစား စိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားကြရန်အရေးကြီးပြီး သက်လုံ၊ အားကစားကွက်နှင့် ခြေစွမ်းပိုင်းတို့တွင်လည်း တိုးတက်ကောင်းမွန်နေရန် အစဉ်အမြဲ လေ့ကျင့်နေကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ၄ ချက် ရွတ်ဆိုပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ တာဝန်ရှိသူများက အားကစားသမားများအား လိုက်လံနှုတ်ဆက်ပြီး အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၂၁ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ပွဲဦးထွက် ရမည်းသင်း ခရိုင်အသင်းနှင့် မဟာအောင်မြေခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)