မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးမြို့သာစက်မှုမြို့တော်ဥယျာဉ်စီမံကိန်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်

ချမ်းအေးသာစံ မေ ၁၀

မန္တလေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မန္တလေး-မြို့သာ စက်မှုဥယျာဉ်စီမံကိန်းဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မေ ၈ ရက် မွန်းလွဲပိုင်းက ကျင်းပရာ  မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေး-မြို့သာ စက်မှု ဖွံဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ (Mandalay Myotha Industrial Public.,Ltd-MMID)မှ ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မန္တလေး-မြို့သာ စက်မှုဖွံဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ တာဝန်ရှိသူများက မန္တလေး-မြို့သာ စက်မှုဥယျာဉ် မြို့စီမံကိန်းနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် ၂၀၂၃ ခုနှစ် အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို Video Clip နှင့် Power Point တို့ဖြင့် ရှင်းလင်းတင်ပြသည်။

၎င်းနောက် မန္တလေး-မြို့သာ စက်မှုဖွံဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ(MMID)မှ ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က နိုင်ငံတော်၏ မူဝါဒများနှင့်အညီ မန္တလေး-မြို့သာ စက်မှုဥယျာဉ် စီမံကိန်းအား ရည်မှန်းချက် ၅ ချက် ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရည်မှန်းချက် ၄ ချက်အား အဆင့်တစ်ခုအထိ အောင်မြင်စွာ ဆောင်ရွက်နိုင်မှု၊ ရည်မှန်းချက် ၅ ဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်း စိုက်ပျိုးရေးသီးနှံရောင်းဝယ်ရေးဇုန် (Central Myanmar Agricultrue Hub- CMAH) Project တစ်ခုကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အဆိုပါဇုန်တွင် ရောင်းချသူနှင့် ဝယ်ယူသူအကြား အဓိက ဆုံမှတ်တစ်ခုဖြစ်လာစေခြင်း၊ ပို့ဆောင်ရေး ပံ့ပိုးဝန်ဆောင်မှုနှင့် ထွက်ကုန်များကို ပြည်တွင်းပြည်ပ ဈေးကွက်ရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတကာ သတ်မှတ်သည့် အရည်အသွေး စံနှုန်းများကို ထိန်းချုပ်ပေးနိုင်ရန် Quality Control  ဆောင်ရွက်ပေးခြင်း၊ တီထွင်ဆန်းသစ်မှုများကို အခြေခံသည့် သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်း၊ လေ့ကျင့်သင်ကြားပေးမှုနှင့် နည်းပညာလွှဲပြောင်းပေးမှုများကို မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် ဆောင်ရွက်ပေးရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ စီမံကိန်း ဧရိယာအတွင်း စက်ရုံ၊ အလုပ်ရုံများအတွက် ဆိုလာပါဝါလျှပ်စစ်ဓာတ်အား ထုတ် လုပ်ဖြန့်ဖြူးပေးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပြည်တွင်း/ပြည်ပ ကုမ္ပဏီများမှ လာရောက်ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုသည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရန်၊ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်၊ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရန်နှင့် ကုန်ကြမ်းမှကုန်ချော ပိုမိုထုတ်လုပ်ကာ သွင်းကုန်အစားထိုး တိုးတက်ထုတ် လုပ်နိုင်‌ရေး၊  စက်ရုံများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို  နိုင်ငံတော်က အလေးထား ဆောင်ရွက်နေပါကြောင်း၊ လုပ်ငန်းရှင်များ ၏အခန်းကဏ္ဍတွင် ထုတ်လုပ်သူ၊ ရောင်းသူ၊ ဝယ်သူ ဟန်ချက်ညီညီ ဆောင်ရွက်နေနိုင်ရန် အရေးကြီးပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပြားလာခြင်းဖြင့် တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ကာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခြေအနေများအပေါ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊  မန္တလေး-မြို့သာ စက်မှုဖွံဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီ (MMID)မှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်စွက်‌ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် ဖြည့်စွက်ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)