မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်မည့် သင်တန်းသားများအား ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်

ချမ်းအေးသာစံ မေ ၁၀

မန္တလေးတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်မည့် သင်တန်းသားများအား ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနားကို ခေတ္တလက်ခံထားသည့်စခန်းရှိ နယ်မြေသင်တန်းကျောင်းခန်းမတွင်  ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းထွန်းတင်နှင့် တပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မိမိကိုယ်တိုင် စိတ်အားထက်သန်စွာ စစ်မှုထမ်းဆောင်ရန် ဆန္ဒပြုခဲ့ကြသော သင်တန်းသားများ အားလုံးကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ်ကတည်းက ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ် သတ်မှတ်ချက်များ ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင် မည့်သူအားလုံးကို အဆင့်အလိုက် အရည်အချင်းအလိုက် လစာ၊ ရိက္ခာ၊ ခံစားခွင့် အားလုံးပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းပြီးစီးပါက မိမိတို့ ရပ်ရွာဒေသမှာ ရှိသည့် လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့များတွင်သာ တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် မန္တလေးတပ်နယ်မှူးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းများအတွက်  ထောက်ပံ့ချီးမြှင့်ငွေများကိုလည်းကောင်း၊ မန္တလေးတပ်နယ်မှူးက ပြည်သူ့စစ်မှုထမ်းများအတွက် တစ်ကိုယ်ရည်သုံး ပစ္စည်းများကိုလည်းကောင်း ပေးအပ်ခဲ့ပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိမိကိုယ်တိုင် စိတ်အားထက်သန်စွာ စစ်မှုထမ်းဆောင်ရန် ဆန္ဒပြုခဲ့ကြသော သင်တန်းသားများအား ရင်းနှီးစွာ လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)