ညောင်ရွှေမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများက စနစ်ကျစွာ ဆန္ဒမဲပေး

ညောင်ရွှေ      နိုဝင်ဘာ        ၈

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှစတင်၍ ညောင်ရွှေမြို့နယ်အတွင်းရှိ မဲရုံများတွင် တစ်ပြိုင်တည်းကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

မဲရုံများ မဖွင့်လှစ်မီ မဲရုံမှူးများနှင့် မဲရုံတာဝန်ရှိသူများက လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများရှေ့မှောက်တွင် မဲပုံးများအတွင်း မည်သည့်အရာမျှ မရှိကြောင်းပြသပြီး အဖုံးများကို လုံခြုံစွာပိတ်ကာ သတ်မှတ်နေရာများ၌ နေရာချထားကြသည်။ ထို့နောက် မဲရုံဖွင့်လှစ်ကြောင်း ကြေညာသည်နှင့် ဆန္ဒမဲလက်မှတ်များကို စနစ်တကျထုတ်ယူကြပြီး လွတ်လပ်စွာ ဆန္ဒမဲပေးကြသည်။

မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲစာရင်း စစ်ဆေးသူ၊ မဲလက်မှတ်ထုတ်ပေးသူနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျစီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။

ညောင်ရွှေမြို့နယ်တွင် မဲရုံ ၁၄၃ ရုံ ဖွင့်လှစ်ထားရှိပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၁၃၇၅၈၃ ဦး ရှိကြောင်း သိရသည်။

နေမျိုးသူရိန်