ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၁) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်လှစ်

မန္တလေး မေ ၁၀

၂၀၂၄ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၁) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ ၂၂ လမ်း၊ ၉၈ A လမ်းထောင့်ရှိ အောင်မြေမန္တလာအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦအောင်ကျော်မိုး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ တိုင်းဒေသကြီးအားကစားနှင့်ကာပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်မိုးဝင်း၊ တိုင်းဒေသကြီးဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးစောငြိမ်းနှင့် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်၏ အားကစားအဆင့် အတန်းတိုးတက်မြင့်မားရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်က အားကိုးအားထားပြုရမည့် ထူးချွန်ထက်မြက်သော သွေးသစ်အားကစားသမားများ လူငယ်များ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိပါကြောင်း၊ ယခုလို ခရိုင်ပေါင်းစုံ ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ဒေသတစ်ခုနှင့်တစ်ခု မတူကွဲပြားသည့် အတွေ့အကြုံသစ်များ ဖလှယ်ခွင့် ရရှိစေမှာဖြစ်သည့်အပြင် အားကစားသမား အချင်းချင်း စည်းလုံးညီညွတ်မှုရှိကာ ဒေသတွင်း ဘောလုံးအားကစားကို ပိုမိုတိုးတက်လာစေမည်ဖြစ်ပါကြောင်း၊ ကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားကြရန် အရေးကြီးပြီး သက်လုံ၊ အားကစားကွက်နှင့် ခြေစွမ်းပိုင်းတို့တွင်လည်း တိုးတက်ကောင်းမွန်နေရန် အစဉ်အမြဲ လေ့ကျင့်နေကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ ထို့‌နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။

၎င်းနောက် ဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဝန်ကြီးများက ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ခြင်းနှင့် အားကစားပစ္စည်း ထောက်ပံ့ပေးအပ်ကြပြီး ရမည်းသင်းခရိုင်နှင့် မဟာအောင်မြေခရိုင်အသင်းတို့ ဘောလုံးယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များမှ အသင်း (၁၁) သင်း ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)