မန္တလေးတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းများအား ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနား ပြုလုပ်

မန္တလေး မေ ၁၀

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့စစ်မှုထမ်းများအား ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်အနီးရှိ စစ်လက်နက်ပစ္စည်းသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး၊ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်မည့် သင်တန်းသား ၄၀၀ ဦးအား ထောက်ပံ့ငွေ ၂၁၁၂၂၀၀၀/- ကျပ်တို့ကို ချီးမြှင့်ငွေပေးအပ်ပြီး၊ မန္တလေးတပ်နယ်မှူးက ပြည်သူ့စစ်မှုထမ်းမည့် သင်တန်းသားများအား တစ်ကိုယ်ရည်သုံးပစ္စည်းများ ပေးအပ်သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တပ်နယ်မှူးနှင့် တပ်မတော်အရာရှိကြီးများသည် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းတင်နှင့် အရာရှိကြီးများ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦအောင်ကျော်မိုး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်းကြမည့် သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)