သထုံမြို့ရှိ ဆွမ်းကြီးလောင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

သထုံ မေ ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူ‌ကျေးရွာ ရှေးဟောင်းသမိုင်းဝင် ဓါတ်တော်တိုက်‌ (ဒုတိယမဟာစေတီတော်မြတ်ကြီး)၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပွဲတော်တွင် သီလရှင်အပါး (၅၀၀)တို့အား အလှူရှင်အသီးသီးတို့မှ ယနေ့နံနက်က စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များကို စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြသည်။

ဆွမ်းကြီးလောင်းပွဲတော်တွင် သထုံတပ်နယ်မှူး ဗိုလ်မှူကြီး အောင်အောင်ဟိန်း၊ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက သထုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းတို့မှ သာသနာ့နွယ်ဝင်သီလရှင် စုစုပေါင်း (၅၀၀)ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် အခြားလှူဖွယ်များကို စီတန်းလောင်းလှူခဲ့ကြသည်။

အဆိုပါ စေတီတော်မြတ်ကြီး နှစ်(၁၀၀)ပြည့် ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တောင်ကလေးပရိယတ္တိစာသင်တိုက် ဆရာတော် ဒေါက်တာအရှင်ပညာသာမိ ဦးဆောင်၍ မေလ (၆)ရက်နေ့မှစတင်ကာ (၇)ရက်တိုင်တိုင် ညစဉ်အထူးတရားပွဲများ ကျင်းပခြင်း နေ့စဉ်စတုဒိသာများ‌ ကျွေးမွေးလှူဒါန်းခြင်း၊ သံဃာတော်(၁၀၀)ပါးတို့အား ပုနောပသမ္ပဒ သိက္ခာထပ် ကံဆောင် အလှူတော်မင်္ဂလာ ပြုလုပ်ခြင်း၊ ဝတ်ရွတ်အဖွဲ့များအား ပဋ္ဌာန်းပစ္စယနိဒ္ဒေသ ဒေသနာတော် အကောင်းရွတ်ဆိုနိုင်မှု ယှဉ်ပြိုင်ရွေးချယ်ခြင်း၊ သီလရှင်အပါး(၅၀၀)နှင့် သံဃာတော်(၁၀၀၀)တို့အား သုံးရက်တိုင်တိုင် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ လောင်းလှူခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)