မဘိမ်း နိုဝင်ဘာ ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှစတင်၍ တစ်နိုင်ငံလုံး၌ကျင်းပလျက်ရှိရာ မဘိမ်းမြို့နယ် အတွင်းရှိ မဲရုံများတွင် တစ်ပြိုင်နက်တည်း ကျင်းပသည်။
မဲရုံများမဖွင့်လှစ်မီ မဲရုံမှူးနှင့်မဲရုံတာဝန်ရှိသူများက လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများရှေ့မှောက်၌ မဲပုံးများအတွင်း မည်သည့်အရာမျှမရှိကြောင်း ပြသပြီး အဖုံးများကိုလုံခြုံစွာပိတ်ကာ သတ်မှတ်စားပွဲများအပေါ်၌ ချထားကြသည်။ မဘိမ်းမြို့ အတွင်းရှိမဲရုံများ၌ ပြည်သူများသည် မိုးမလင်းမီကပင် ဆန္ဒမဲပေးရန်ရောက်ရှိနေကြပြီး မဲရုံတာဝန်ရှိ သူများက မဲရုံဖွင့်လှစ်ရန်ကြေညာလိုက်သည်နှင့် ဆန္ဒမဲလက်မှတ်များကို စနစ်တကျထုတ်ယူကြပြီး လွတ်လပ်စွာဆန္ဒမဲစတင်ပေးကြသည်။
မဲရုံအသီးသီးတွင် လာရောက်ဆန္ဒမဲပေးလျက်ရှိသည့် မဲဆန္ဒရှင်ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ဆန္ဒမဲပေးနိုင်ရေး မဲရုံတာဝန်ရှိသူများက တစ်ဦးနှင့်တစ်ဦး ၆ ပေ ခွာပြီး စနစ်တကျ နေရာချထားခြင်း ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေးနိုင်ရန်လက်ဆေးကန်များ စီစဉ်ဆောင် ရွက်ထားရှိခြင်း၊ လက်သန့်ဆေးရည် များထားရှိခြင်း၊ နှာခေါင်းစည်းမပါသူများကို နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း စသည်တို့ကိုဆောင်ရွက်ပေးပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ကလည်း လိုအပ်သည်များကို ဆောင်ရွက်ပေး လျက်ရှိသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဘိမ်းမြို့ ကုန်းခါးရပ်ကွက်မဲရုံ တွင် လာရောက်ဆန္ဒမဲပေးသည့် မဲဆန္ဒရှင်ပြည်သူတစ်ဦးက “ကျမအနေနဲ့ မဲထည့်ရတာနဲ့ပတ်သက်ပြီး နည်းနည်းတော့စိတ်လှုပ်ရှားရတာပေါ့၊ နောက်ပြီး မဲပေးရတာ တစ်စုံတစ်ရာဖိအားတွေ၊ အနှောင့်အယှက်တွေမရှိပါဘူး၊ မဲရုံမှာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးထားတဲ့အတွက် ကျန်းမာရေးအတွက် လုံခြုံစိတ်ချရပြီး မဲပေးတဲ့နေရာမှာ လွတ်လွတ်လပ်လပ်နဲ့ မဲပေးခွင့် ရခဲ့ပါတယ်၊ ဒီလိုမဲပေးရတာနှစ်သက်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
မဘိမ်းမြို့နယ်တွင် မဲရုံပေါင်း(၄၄)ရုံ ဖွင့်လှစ်ထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၃၂၉၁၈)ဦးရှိကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)