မရမ်းကုန်း မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ယမန်နေ့ ညနေ (၃) နာရီခွဲ အချိန်ခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မရမ်းကုန်းမြို့နယ်အတွင်းရှိ သစ်ပင်များ ပြိုလဲခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းဘေးကြောင့် မရမ်းကုန်းမြိုနယ် အမှတ်(၃)ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းပေါ်တွင် လုံးပတ်(၂)ပေ၊ အမြင့်ပေ(၂၀)ခန့်ရှိ ဗန်ဒါပင်နှင့် အမှတ်(၅)ရပ်ကွက်၊ စွယ်တော်လမ်း၊ စွယ်တော်ရဲစခန်းဝင်းအတွင်းတွင် လုံးပတ်(၃)ပေ၊ အမြင့်(၂၅)ပေခန့်ရှိ သစ်စိမ့်ပင်နှင့် အမှတ် (၁)ရပ်ကွက်၊ ဘုရင့်နောင်တံတား ချဉ်းကပ်လမ်း၊ ဘုရင့်နောင်တံတားအဆင်းတွင် လုံးပတ်(၂)ပေ၊ အမြင့်(၁၅)ပေခန့်ရှိ ပျဉ်းမပင်(၂)ပင် စသည့်သစ်ပင်များ ပြိုလဲခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်များကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက အမြန်ဆုံး ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)