ပေါင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း၊ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ပေါင် မေ ၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းလွဲ ( ၁ ) နာရီ က ပေါင် ရပ်ကွက်ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက၊ မိမိဘဝတိုးတက်မှုရရှိလာအောင်စာများများဖတ်ကြပါရန်၊ အရွယ်မရောက်သေးသည့်ကလေးငယ်များအား မတရားအလုပ်စေခိုင်းမှုမှကာကွယ်ရန်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ လူကုန်ကူးမှု၏ဆိုးကျိုးများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကျောင်းသား/ကျောင်းသူများက လိုက်နာဆောင်ရွက်ကြရန်‌ ဟောပြော‌ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းခိုင် က အရွယ်မရောက်သေးသည့်ကလေးငယ်များကို အလုပ်သမားစေခိုင်းပါက သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်စားသုံးသူဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးက စားသုံးကုန်များတွင် ကုန်အညွှန်းအမှတ်အသားပါရှိမှသာ စားသုံးသင့်ပါကြောင်း၊ သက်တမ်းကုန်ဆုံးသည့်စားသောက်ကုန်စည်များကို သတိပြုဝယ်ယူသုံးစွဲကြရန်စသည့် စားသုံးသူကာကွယ်‌ရေးအသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းသိမှတ်ဖွယ်ရာများစသည့် အသိပညာပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့‌ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)