တံတားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖက်ဝိုင်းပြုလုပ်

တံတား မေ ၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Book  Club) အဖွဲ့များပူးပေါင်း၍ စာရေးဆရာမြင်းခြံကျော်အောင်ရေးသားသည့် “ကြီးပွားအောင်မြင်အောင်ပန်းကိုဆင်”စာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်မိုးဖြူလွင်က အများပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက်၊  စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စာဖက်ဝိုင်းတွင် (Book Club)အဖွဲ့ဝင် ဒေါ်ယုယုနိုင်က“ကြီးပွား‌ရေး” ခေါင်းစဉ်ဖြင့် ဦးဆောင်‌ဆွေးနွေးရာတွင် ကြီးပွားခြင်းဆိုသည်မှာ ကိုယ်လုပ်နေသော အလုပ်တိုးတတ်ခြင်းကိုခေါ်ဆိုကြောင်း၊ ကြီးပွားချမ်းသာရန် ပညာဆိုသော အသိဉာဏ်ရှိရမည်။ ဝီရိယမရှိခြင်းသည် ကြီးပွားခြင်း၏ ရန်သူဖြစ်ကြောင်း၊ လောကတွင်မကြီးပွားနိုင်သူငါးဦးရှိ‌‌ကြောင်း၊ ထိုသူများမှာပညာမရှိသောသူ၊ ပျင်းရိသောသူ၊ ဝီရိယမရှိသောသူ၊ အကြားအမြင်နည်းသောသူ၊ အကျင့်မကောင်းသောသူများသာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် (Book Club)အဖွဲ့ဝင်မအိကေခိုင်မှ “‌အောင်မြင်ရေး” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးရာတွင် လူ့ဘဝမှာ အဓိကအရွယ်သုံးပါးရှိသည်။ ပထမအရွယ်မှာ ပညာရှာသောအရွယ်၊ ဒုတိယအရွယ်မှာ ဥစ္စာရှာသောအရွယ်၊ တတိယအရွယ်မှာ တရားရှာသောအရွယ်ဖြစ်‌ကြောင်း အရွယ်သုံးပါးစလုံးတွင် အောင်မြင်ရမည်ဟု ဆုံးဖြတ်ချက်ချကာ ဇွဲလုံ့လဝီရိယဖြင့် အပင်ပန်းခံ၊ ဆင်းရဲခံ ကြိုးစားအားထုတ်ပါက အောင်မြင်မှုဟာမလွဲမသွေရမည်ဖြစ်ကြောင်း၊ မြန်မာစာပေလောကတွင် စလေဦးပုညမှာ  လက်တစ်ဖက်မသန်စွမ်းသော်လည်း ကောင်းသည့်လက်တစ်ဖက်ဖြင့်  ပြဇာတ် ၊ ကဗျာ ၊  အလင်္ကာ ပေါင်းများစွာရေးခဲ့ရာ ယနေ့တိုင်အောင်မြင်ကျော်ကြားသော စာပေပညာရှင်ဖြစ်နေကြောင်း၊ မိမိ၏အားနည်းချက်ကိုအ‌လေးမထားပဲ မိမိဖြစ်လိုသောဘဝကို ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ကြိုးစားရန်သာလိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသော   စာပေဝါသနာရှင်များကလည်း စာအုပ်ပါအကြောင်းအရာများအပေါ် အသီးသီးဆွေးနွေးခြင်းဖြင့် အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။

မိုးဖြူလွင် (ပြန်/ဆက်)