ချောင်းဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ

ချောင်းဦး   နိုဝင်ဘာ   ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ယနေ့နံနက်(၆)နာရီမှစတင်ပြီး မဲရုံများဖွင့်လှစ်ကာ ၂၀၂၀ ပြည့်နှစ်ပါတီ စုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲကြီးအား စတင်ကျင်းပခဲ့သည်။

တာဝန်ကျသည့်မဲရုံမှူးများက မိမိတို့မဲရုံအား ဖွင့်လှစ်ကြောင်းကြေညာခဲ့ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက် ပွဲဖြစ်စေရန်အတွက် မဲရုံအဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များ၊ လေ့လာစောင့်ကြည့်သူများ၊ ဆန္ဒမဲပေးသူပြည်သူများ ရှေ့တွင် ဆန္ဒမဲပုံးအား ဖွင့်လှစ်ပြသပေးခဲ့ပြီး အများရှေ့တွင် ချိတ်ကြိုးပိတ်ပြီးနောက် ပြည်သူများ ဆန္ဒမဲစတင် ပေးစေရန်စီစဉ်ပေးခဲ့သည်။

မဲရုံများတွင် ဆန္ဒမဲပေးမည့်ပြည်သူများ လွတ်လပ်စွာ ဆန္ဒပြုနိုင်ရေးစီစဉ်ထားပြီး မဲရုံအတွက်တာဝန်ယူထားသည့် တာဝန်ကျနေရာများမှ မဲပေးမည့် ပြည်သူများ အနှောင့်အယှက်မဖြစ်စေရေး အဆင်ပြေချောမွေ့စွာ မဲပေးနိုင်စေရေး ဆောင်ရွက်ပေးကြသည်။

ဆန္ဒမဲပေးသည့်ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များအတိုင်း အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေခြားဖြင့် ဆန္ဒပြုနိုင်စေရန်များ ဆောင်ရွက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရေးဆောင်ရွက်ခဲ့ကြသည်။ အပြင်စည်းမှ တာဝန်ယူထားသည့် ကြီးကြပ်ရေးတာဝန်ကျဌာနဆိုင်ရာများ၊ လုံခြုံရေးအထူးရဲနှင့်ကူညီသူများကလည်း ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည့်ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်စေရန် နားနေစရာနေရာများ၊ ထိုင်ခုံများစီစဉ် ဆောင်ရွက်ပေးခဲ့သည်။

ချောင်းဦးမြို့နယ်တွင် ဆန္ဒမဲပေးမည့်ပြည်သူစုစုပေါင်း (၈၈၇၃၀)ဦးရှိပြီး မဲရုံပေါင်း(၈၆)ရုံရှိကာ ယနေ့နံနက်(၆)နာရီ အချိန်မှ စတင်၍ စိတ်အေးချမ်းလွတ်လပ်စွာ ဆန္ဒမဲပေးနေကြောင်း သိရှိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)