လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

လှိုင်သာယာ(အနောက်ပိုင်း) နိုဝင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက် ၆ နာရီအချိန်မှစ၍ ဆန္ဒမဲများ လာရောက်ပေးလျက် ရှိသည်။

ထိုသို့ဆန္ဒမဲပေးရာတွင် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ တန်းစီ၍ တာဝန်ရှိသူများမှ ပြင်ပမှ တပ်ဆင်အသုံးပြုလာသော နှာခေါင်းစည်း Mask များအား အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်စေပြီး 95 Mask များ စနစ်တကျ တပ်ဆင်ပေးခြင်း၊ Face Shield များ တပ်ဆင်ပေးခြင်း၊ မဲရုံအဝင်ဝတွင်လည်း လက်များကို လက်သန့်ဆေးရည်များနှင့် ဆေးကြောပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း အစရှိသည့် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်၍ ဆန္ဒမဲပေးလျက်ရှိပြီး သက်ကြီးရွယ်အိုများနှင့် မသန်းစွမ်းသူများအား ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကာ အများပြည်သူများမှ လွတ်လပ်စွာ မိမိတို့၏ဆန္ဒသဘောအတိုင်း အေးချမ်း ပျော်ရွှင်စွာဖြင့် ဆန္ဒမဲပေးလျက်ရှိသည်။

အဆိုပါ ဆန္ဒမဲပေးရာတွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်သည် လူဦးရေထူထပ်များပြားသည့် မြို့နယ်ဖြစ်ရာ ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄)အုပ်စုတို့တွင် မဲရုံပေါင်း(၂၈၇)ရုံ ဆောင်ရွက်ထားရှိပြီး ယနေ့နံနက် ၆နာရီမှ ညနေ ၄နာရီအထိ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း မိမိတို့၏ ဆန္ဒအလျောက် လာရောက်မဲပေးနိုင်ကြောင်း၊ မဲရုံပိတ်သိမ်းချိန်၌ မဲရုံပရဝဏ်အတွင်း ကျန်ရှိသည့် မဲဆန္ဒရှင် ပြည်သူများအားမဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နှစ်သိန်း ခြောက်သောင်း ကျော်ခန့်ရှိကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)