ကျောက်ဆည် မေ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တို့ ပူးပေါင်း၍ အခြေခံလျှပ်စစ်သံဂဟေဆက်ခြင်းသင်တန်းနှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း နည်းပညာသင်တန်းများကို ယနေ့နံနက်ပိုင်းက (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အတွင်း ဒေသခံလူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်၊ ပညာဆက်လက်မသင်ကြားနိုင်သော လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့် အလမ်းနည်းပါးသူများနှင့် အခြားစိတ်ဝင်စားသော အမျိုးသား၊ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပြည်သူ့စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန်၊ သက်မွေး ပညာသင်ယူလိုသူတိုင်း (အသက်အရွယ်မရွေး) သက်မွေးပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးရန်၊ အခြေခံလျှပ်စစ်သံဂဟေဆက်ခြင်းနှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း နည်းပညာများကို ပြည်သူလူထုကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှင့် ကိုယ်တိုင်စနစ်တကျ အသုံးပြုတတ်စေရန် ရည်ရွယ်၍ သင်တန်းများဖွင့် လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အခြေခံလျှပ်စစ်သံဂဟေဆက်ခြင်းသင်တန်းအား သင်တန်းသား (၁၀) ဦးဖြင့် ၂၀၂၄ ခုနှစ် မေလ (၆) ရက်နေ့မှ (၃၁) ရက်နေ့အထိ ဆရာ၊ဆရာမ (၅) ဦးဖြင့်လည်းကောင်း၊ အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းနည်းပညာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၁၀)ဦးဖြင့် ၂၀၂၄ ခုနှစ် မေလ (၆) ရက်နေ့မှ (၂၄) ရက်နေ့အထိ ဆရာ၊ဆရာမ (၅)ဦးဖြင့် စာတွေ့လက်တွေ့ (အခမဲ့) သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စုစုအေး(ပြန်/ဆက်)