ချောင်းဆုံမြို့နယ်တွင် သောက်သုံးရေပြတ်လပ်မှုမရှိစေရေး သောက်သုံးရေလှူဒါန်း

ချောင်းဆုံ မေ ၉

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် သောက်သုံးရေများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ  သောက်သုံးရေရှားပါးသော ကျေးရွာများအရောက်သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဒေါင်းရပ်အနောက်ကျေးရွာ၊ ကွမ်သဲကျေးရွာနှင့်ကမာကေးကျေးရွာတို့တွင် သောက်သုံးရေ ဂါလန် (၆၄၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ သောက်သုံးရေများကွင်းဆင်းလှူဒါန်းခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ရေသယ်ယာဉ်(၂)စီးဖြင့် ဒေါင်းရပ်အနောက်ကျေးရွာတွင် ဂါလန်(၁၆၀၀)၊ ကွမ်သဲကျေးရွာတွင် သောက်သုံးရေဂါလန် (၁၆၀၀) နှင့် ကမာကေးကျေးရွာတွင်သောက်သုံးရေ ဂါလန် (၃၂၀၀) စုစုပေါင်း (၆၄၀၀) ဂါလန်ကို ရေလှောင်ကန်နှင့်နေအိမ်များအရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း ဧပြီလမှစတင်၍ယနေ့အထိ သောက်သုံးရေ စုစုပေါင်း (၂၃၆၁၅၀) ဂါလန် အခမဲ့ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)