သန်လျင်၌ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ဆန္ဒမဲများပေး

သန်လျင်  နိုဝင်ဘာ ၈

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့စတင်ကျင်းပရာ သန်လျင်မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အသီးသီးရှိမဲရုံများ၌ နံနက်(၆)နာရီမှစ၍ ဆန္ဒမဲပေးကြမည့် ပြည်သူများ စနစ်တကျတန်းစီ၍ ဆန္ဒမဲပေးနေသည်ကို တွေ့ရသည်။

သန်လျင်မြို့နယ် အုပ်ဖိုစုရပ်ကွက် မဲရုံအမှတ်(၁)တွင် ဆန္ဒမဲလာရောက်ပေးသူ ဒေါ်သီတာက မဲထည့်ရမည်ဆိုသည့်စိတ်ကြောင့် စိတ်လှုပ်ရှားနေကြောင်း မဲလာပေးသည့်အခါ တာဝန်ရှိအဖွဲ့အစည်း အဆင့်ဆင့်က စနစ်တကျ ကူညီဆောင်ရွက်ပေးမှုကြောင့် မိမိနှစ်သက်သည့်ပါတီအား လွတ်လပ်စွာ ဆန္ဒမဲပေးခွင့်ရခဲ့ပါကြောင်း၊ တိုင်းပြည်ကို တကယ်စွမ်းဆောင်ပေးမည့် ကိုယ်စားလှယ်အား ရွေးချယ်ပေးခဲ့ကြောင်း၊ ပြည်သူအများ စောင့်ဆိုင်းရသည့် အချိန်အနည်းငယ်ကိုလည်း နားလည်မှုရှိစွာ ပူးပေါင်းကူညီပေးသည့်အတွက် ဝမ်းမြောက်ပါကြောင်း ပြောကြားသည်။

သန်လျင်မြို့နယ်၏ ဆန္ဒမဲပေးနေမှု အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းလှိုင်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်မင်းသန်းနှင့် အဖွဲ့ဝင်များက မဲရုံအသီးသီးသို့ လည့်လည်ကြည့်ရှုပြီး လိုအပ်ချက်များအား ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

သန်လျင်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၄၅)အုပ်စုတွင် မဲရုံပေါင်း(၂၂၉)ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ (၂၂၂၂၇၅)ဦးတို့က ညနေ(၄)နာရီအထိ ဆန္ဒမဲပေးမည်ဖြစ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်နှင့်အညီ ကိုယ်အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း Mask များ ပေးခြင်း၊ လက်သန့်ဆေးများ ထားရှိပေးခြင်း၊ သတ်မှတ်အကွာအဝေးအတိုင်း မဲပေးနိုင်ရန် စီစဉ်ပေးခြင်း တို့ကို မဲဆန္ဒရှင်များ အခက်အခဲမရှိစေရေးတို့အတွက် ဖွဲ့စည်းပေးထားသော တာဝန်ရှိအဖွဲ့အစည်း များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)