မော်လမြိုင် မေ ၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကရင်တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမများအား ကလေးသူငယ်ဘဝ မိခင်ဘာသာစကားဖွံ့ဖြိုးမှု၊ စာတတ်မြောက်ခြင်း၊ သင်ယူခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို မော်လမြိုင်မြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုအကောင်အထည်ဖော်ရာတွင် တိုင်းရင်းသားများအားလုံးတန်းတူညီမျှသောအခွင့်အရေးများ ရရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားစာပေသင်ကြားရေးသည်လည်းအရေးကြီးသော အခန်းကဏ္ဍမှပါဝင်လျက်ရှိကြောင်း၊ ကရင်တိုင်းရင်းသားစာပေသင်ကြားရေးကို စိတ်ပါဝင်စားစွာဖြင့်မိမိတို့၏ စာပေနှင့်ယဉ်ကျေးမှုကိုချစ်ခင်တန်ဖိုးထားသော ကရင်တိုင်းရင်းသားစာပေသင်ကြားရေး ဆရာ၊ ဆရာမများ မွေးထုတ်ပေးနိုင်ရေးအတွက်မွမ်းမံသင်တန်းများ စဉ်ဆက်မပြတ် ပို့ချပေးရန်လိုအပ်ပြီး အဆိုပါသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တတ်အားသရွှေ့ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မွန်ပြည်နယ်အတွင်းနေထိုင်ကြသောတိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြဌာန်းထားသည့်ဥပဒေများနှင့်အညီ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ တိုင်းရင်းသားတို့၏စာပေနှင့်ယဉ်ကျေးမှုများ ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားတို့၏အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းစသည်ဖြင့် အဘက်ဘက်မှတိုးတက်အောင် ကူညီပံ့ပိုးအကောင်အထည်ဖော်ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြားပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်က သင်တန်းသား၊ သင်တန်းသူများအား မိတ်ဆက်စကား ပြောကြားခဲ့သည်။
ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ်သိန်း (၃ဝ)အား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်က ထောက်ပံ့ပေးအပ်ခဲ့ရာ မွန်ပြည်နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက လက်ခံရယူခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)