ကျောက်ဆည် မေ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီဖူလုံပိုလျှံရေး ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းရာသီတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ကျီးအိပ်ကျေးရွာ၌ နိုင်ငံစီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် တောင်သူဦးတင်ဝင်း စိုက်ပျိုးထားသော ဆင်းရွှေကြာ-၂ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ စားသုံးဆီဖူလုံရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် ဆောင်းနေကြာ သီးနှံများ စိုက်ပျိုးထားရှိရာ ကျီးအိပ်ကျေးရွာ၌ တောင်သူ(၂၁)ဦးမှ (၅၀)ဧက၊ စပါယ်တောကျေးရွာ၌ တောင်သူ(၂)ဦးမှ (၂၀)ဧက၊ ကြောင်ပန်းကုန်းကျေးရွာ၌ တောင်သူ(၁၀)ဦးမှ (၃၀)ဧက၊ စုစုပေါင်း (၁၀၀)ဧက စိုက်ပျိုးထားကြောင်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် စိုက်ပျိုးထားသော နေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ တောင်သူများနှင့်ပူးပေါင်းပြီး သိပ္ပံနည်းကျစနစ်ဖြင့် စိုက်ပျိုးရေး နည်းပညာများစနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နေကြာ(၁)ဧကတွင် အပင်အပြုအစု၊ သွင်းအားစု၊ မြေအမျိုးအစားနှင့် ရာသီဥတုအပေါ်မူတည်၍ (၁၅)တင်းမှ (၂၅)တင်း အထိ ထွက်ရှိကြောင်း နေကြာစိုက်တောင်သူများထံမှ သိရသည်။
သက်မောင်(ကျောက်ဆည်)