မန္တလေးတိုင်းဒေသကြီး၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပ

မန္တလေး မေ ၉

မန္တလေးတိုင်းဒေသကြီး၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်၉နာရီက မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်၊ ပညာပြည့်ဝနှလုံးလှခန်းမတွင် ကျင်းပပြုလုပ်သည်။

အစီအစဉ်အရ အမရပူရမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့” သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ Video Clip ကို ပြသသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး နိုင်ငံတစ်ဝန်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်အဆောက်အအုံ (၂)လုံး တည်ဆောက်ရန် အလှူငွေကျပ်သိန်း (၃၀၀)နှင့် စာကြည့်တိုက်များအတွက် “ပန်းအလင်္ကာဗုဓ္ဒဖြစ်စဉ်တော်သမိုင်း” စာအုပ်များကို ပေးအပ်လှူဒါန်းရာ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက လက်ခံရယူသည်။ ဆက်လက်၍ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ရတနာပုံတက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းစာအုပ်(၁၀၀)ကို ပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က လက်ခံရယူသည်။

၎င်းနောက် အမရပူရမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ဘက်စုံပညာရည်တို့လှမ်းချီ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားရုတ်သိမ်းလိုက်သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ သင်ကြား/စီမံဆရာ၊ဆရာမများ၊ ကျေးရွာစာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့်ဆရာ၊ဆရာမများ၊ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားအပြီးတွင်  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တက်ရောက်လာကြသူများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များ၊ ရတနာပုံတက္ကသိုလ်ရှိ ဌာနအသီးသီး၏ ဘာသာရပ်ဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှု့အားပေးကြသည်။ ထို့‌နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ်စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်သူများ စိတ်ဝင်တစားလေ့လာကြည့်ရှု့နေမှုများကို သွားရောက်အားပေးခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)