မိုင်းဆတ် နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို ယနေ့နံနက် ၆ နာရီကစတင်၍ ကျင်းပရာမဲဆန္ဒရှင်ပြည်သူများ စနစ်ကျလွတ်လပ်စွာ လာရောက်ဆန္ဒမဲပေး လျက်ရှိကြောင်းသိရသည်။
ရှေးဦးစွာ မဲရုံမှူးက နံနက် ၆ နာရီတွင် မဲရုံဖွင့်လှစ်ကြောင်းကြေညာပြီး မဲပုံးအလွတ်များကို မဲရုံအဖွဲ့ ဝင်များ၊ မဲရုံကိုယ်စားလှယ်များနှင့် မဲရုံစောင့်ကြည့်လေ့လာသူများအား ပြသ၍ မဲပုံးများအား လုံခြုံရေးကြိုးများဖြင့် လုံခြုံစွာပိတ်သည်။
ထို့နောက် မဲဆန္ဒရှင်ပြည်သူများက ဆန္ဒမဲပေးကြရာ မဲရုံဝန်ထမ်းများက မဲဆန္ဒရှင်ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ mask တပ် ဆင်စေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာတန်းစီ၍ စနစ်တကျဆန္ဒမဲပေးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ခရိုင် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းတူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဒေါ်နယ်သိန်းနှင့်အဖွဲ့ဝင်တို့က လိုက်လံကြည့်ရှုစစ်ဆေးလျက်ရှိ ကြောင်းသိရသည်။
မိုင်းဆတ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံ(၅၈)ရုံနှင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်(၅၉၇၀၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှသိရသည်။
သန်းဇော်(မိုင်းဆတ်)